သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည်


ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ မြန်မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိအမှတ်ပြုလာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန် ဒီးပါ့က် အော့ဘ်ရိုင်း (Deepak Obhrai) ဦးဆောင်တဲ့ ကနေဒါနိုင်ငံရေး ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံဆီ လာရောက်မယ့်အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဖေဖော်ဝါရီလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါဟာ မြန်မာနဲ့ကနေဒါ နှစ်နိုင်ငံ လွှတ်တော်တွေအကြား အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ အစီအစဉ်တခုရဲ့ ပထမခရီးဖြစ်တယ် လို့လည်း ဆိုပါတယ်။ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတဲ့အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး RNDP ပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကနေဒါက ရောက်နေတဲ့ လွှတ်တော်အဖွဲ့ဟာ ကျနော်တို့ RNDP အပါအဝင်ပေါ့လေ၊ တိုင်းရင်းသားဒီမိုကရေစီပါတီတွေနဲ့ မနက်ဖြန် ၃ နာရီကနေ ၅ နာရီ ပါ့က်ရွိုင်ရယ် ဟိုတယ်မှာ တွေ့ဖို့ဆိုပြီး ကျနော်တို့ကို ချိန်းထားပါတယ်။ အဲဒီကနေ သူတို့က သွားပြီးတော့ နေပြည်တော်ရောက်လို့ ရှိရင် နေပြည်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေနဲ့လည်း တွေ့ဖို့အစီအစဉ် ရှိပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း တွေ့မှာပေါ့လေ။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လက မြန်မာနိုင်ငံဆီ လာရောက်ခဲ့ချိန် အတွင်း အခု အစီအစဉ်ကို အဆိုပြုခဲ့တာဖြစ်ပါတယ်။ လွှတ်တော်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေအပေါ် သူတို့ရဲ့အတွေ့အကြုံတွေ နဲ့ အမြင်တွေကို မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသူတွေနဲ့ မျှဝေနိုင်ဖို့ ဒီလိုအစီအစဉ်မျိုးကို အဆိုပြုခဲ့တာဖြစ် တယ်လို့ ဂျွန် ဘာ့ဒ်ကပြောပါတယ်။

နိုင်ငံတကာကနေ မြန်မာနိုင်ငံဆီ လာရောက်ကြတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက တိုင်းရင်းသားပါတီတွေနဲ့ သီးခြား တွေ့လာကြ တယ်ဆိုတာဟာ ဒီပါတီတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး အလေးထားလာကြပုံရတာကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ဦးဦးလှစောက သုံးသပ်ပါတယ်။

“ကျနော် ထင်တာကတော့ မြန်မာပြည်ရဲ့နိုင်ငံရေးမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားပြဿနာ ဆိုတာလည်း မြန်မာပြည် ဒီမိုကရေစီ အကူးအပြောင်းကာလရဲ့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းကြီးတရပ်လို့ ယူဆပုံ ရပါတယ်။ အရင်တုန်းကဆိုရင် တိုင်းရင်းသားပါတီတွေကို တွေ့စရာမလိုဘူးဆိုတဲ့ သဘောထားမျိုး ရှိတာပေါ့။ ခုတော့ အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ နိုင်ငံတကာက လာတဲ့အဖွဲ့အစည်း အတော်များများ၊ NGO ပဲဖြစ်ဖြစ်၊ အီးယူကပဲ ဖြစ်ဖြစ်၊ တခြား ပါတီတွေကပဲ ဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ပြီး သဘောထားပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးသဘောထား၊ လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောထား၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး သဘောထားတွေကို သူတို့ မေးမြန်းတာတွေ၊ ဆွေးနွေးတာတွေတော့ ရှိပါတယ်။”

ကနေဒါ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာ့နိုင်ငံရေးပါတီအသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖြစ်လာခဲ့တဲ့ အပြောင်းအလဲတွေဟာ မြန်ဆန်ပြီး အားတက်ဖွယ်ကောင်းတဲ့အကြောင်း၊ ကနေဒါနိုင်ငံရဲ့အတွေ့အကြုံအရ ဘယ်ကိစ္စတွေဟာ အလုပ်ဖြစ်ပြီး ဘယ်လိုကိစ္စတွေက အလုပ်မဖြစ်ဘူးဆိုတာကို မျှဝေတာဟာ မြန်မာလူထု ကာလရှည်ကြာ တောင့်တလာခဲ့ကြတဲ့ စစ်မှန်တဲ့ကိုယ်စားပြုမှုနဲ့ ဒီမိုကရေစီနည်းကျ အစိုးရ ပေါ်ထွန်းရေး လုပ်ငန်းစဉ် လျင်မြန်စေ ဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Obhrai ကပြောပါတယ်။

အခု ကနေဒါလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ပြီးတဲ့နောက် မြန်မာလွှတ်တော် ကိုယ်စားလှယ် တဖွဲ့ဟာလည်း ဒီနှစ် နှောင်းပိုင်းမှာ အပြန်အလှန် ခရီးစဉ်တစ်ခုအနေနဲ့ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ကနေဒါနိုင်ငံရေးပါတီစုံက အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။
XS
SM
MD
LG