သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဒီသီတင်းပတ် မြန်မာနိုင်ငံသွားမည်


ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stéphane Dion ဟာ ဧပြီလ ၆ ရက်ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အရပ်သားအစိုးရ တက်လာတဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချိန်မှာ သွားရောက်မှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ဝန်ကြီး Dion ဟာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးရာထူးတွေကို ပူးတွဲ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဝန်ကြီး Dion ဟာ မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုးတက် ပြောင်းလဲမှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ကနေဒါနိုင်ငံအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ကူညီ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး Dion ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ အပါအဝင် သမိုင်းပညာရှင်လည်းဖြစ်၊ Yangon Heritage Trust - ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ကို စတင် တည်ထောင်သူလည်းဖြစ်တဲ့ ဦးသန့်မြင့်ဦးနဲ့လည်း တွေ့ဆုံဖို့ရှိပြီး သမိုင်းဝင် ရွှေတိဂုံစေတီတော်ကိုလည်း သွားရောက် ဖူးမျှော်မှာဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Stéphane Dion ဟာ ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လက စတင် ဖွင့်လှစ်ခဲ့တဲ့ ကနေဒါသံရုံးက ဝန်ထမ်းတွေကိုလည်း သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း ကနေဒါနဲ့ မြန်မာနိုင်ငံအကြားက ကုန်သွယ်မှုပမာဏ ကြီးထွားလာခဲ့တာမှာ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၁.၂၇ သန်း အထိ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့အတွက် ကနေဒါနိုင်ငံက အဖွဲ့ ၇ ဖွဲ့ စေလွတ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်သွားခဲ့တဲ့ ရေကြီးမှုတွေနဲ့ ဆိုင်ကလုံး ကိုမန်ဘေးဒဏ်ခံခဲ့ရသူတွေအတွက် လူသားချင်း စာနာတဲ့ အကူအညီအဖြစ် ကနေဒါနိုင်ငံက ဒေါ်လာ ၂ သန်း အကူအညီ ပေးခဲ့ပါတယ်။

NLD အစိုးရ တက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ပထမဦးဆုံး အဆင့်မြင့်သံတမန်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သွားရောက်ခဲ့ပြီးတဲ့နောက် မစ္စတာ Dion ဟာ မြန်မာနိုင်ငံကို သွားရောက်တဲ့ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG