သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ


ကိုးကန့်တပ်ဖွဲ့ဝင်များ။
ကိုးကန့်တပ်ဖွဲ့ဝင်များ။

ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်း အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ က ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေမှာ အစိုးရတပ်ဖက်က သံချပ် တိုက်ယာဉ်တွေနဲ့ပါ ပူးပေါင်း စစ်ဆင်နေပြီး ဒီကနေ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့ဖက်က သံချပ်ကာ တိုက်ယာဉ် ၂စင်းကို ဖျက်ဆီးခဲ့ တယ်လို့ ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဗျူဟာ အရ အရေးပါတဲ့ နေရာအများစုကို သိမ်းယူထားကြောင်း သတင်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ အစိုးရ သတင်းစာတွေမှာ တပ်မတော်စစ်ကြောင်းတွေဟာ ပါစင်ကျော်ကျေးရွာအရှေ့ဖက် ကိုးကန့်သောင်းကျန်သူတွေ့ရဲ့ စစ်ဗျူဟာအရ အရေးပါတဲ့ ခံစစ်စခန်း ရှိရာ ပွိုင့် ၁၈၄၅ကို ဧပြီလ ၈ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း၊ တဆက်တည်းမှာပဲ ပါစင်ကျော်ရွာနဲ့ နယ်စပ်မှတ်တိုင် ၁၃၇သွားကားလမ်းဒေသက အရေးပါတဲ့ ကိုးကန့်တပ်စခန်းတွေကို ထိန်းချုပ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ လက်နက်ကြီးပစ်ကူ၊ သံချပ်ကာ တိုက်ယာဉ်ပစ်ကူတွေကို ရယူပြီး ချေမှုန်းခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီလ ၈ရက်နေ့က စတင်ပြင်းထန် လာတာဖြစ်ပြီး ဒီကနေ့တိုက်ပွဲ အခြေအနေကိုတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

" လက်နက်ကြီးနဲ့ပစ်၊ နောက် တင့်ကားနဲ့ သံချပ်ကာ ကားနဲ့ ပစ်ကူ တယ်။ နေ့ပိုင်း မြန်မာ စံတော်ချိန် ၁၂နာရီ ပတ်ဝန်းကျင်လောက်မှာ သံချပ်ကာ ကား သုံးစီး ရှိတဲ့အထဲ နှစ်စီးကို ကျနော်တို့ ပစ်လိုက်ပါတယ်။ ဒီသုံးရက်တော့ ဖေဖော်ဝါရီ ၉ရက်နေ့ကစပြီးတော့ ပစ်တဲ့ တိုက်ပွဲမှာ ဒီသုံးရက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ "

ဒီလို သံချပ်တိုက်ယာဉ် ၂စင်းဖျက်ဆီးလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင် ဖို့ လောက်ကိုင်ဒေသ ရှိ တပ်မ၁၁က တာဝန်ရှိသူတဦးကို ဆက်သွယ်ရာမှာ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကွမ်းလုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

" အဲ့တာတော့ မဖြစ်နိုင်ပါဘူး။ သံချပ်ကား က ဘာဖြစ်လို့ ပစ်ရမှာလဲ။ ဖျက်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ သာအောင် ပြောမှာပဲ။ တကယ့် တကယ် ပြင်းအား ဘယ်လောက်ရှိလို့လဲ။ ..."

၈ရက်နဲ့ ၉ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးတဲ့အခြေအနေကို ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။

" ကျနော် သတင်းရ တာကတော့ ၈ရက်နေ့တုန်းက ဒဏ်ရာရတာ ၂၀ကျော်၊ ၃၀ နီးပါး ရှိတယ် ထင်တယ်ဗျ။ ကျတာ နှစ်ယောက်လား၊ သုံးယောက်လား မသိဘူး။ ၉ရက်နေ့လည်း အဲ့လောက်နီးနီးပဲ ကျတာ နှစ်ယောက်လောက်ဖြစ်မယ်။"

တပ်မတော်ဖက်ကတော့ ဒီ၂ရက်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူ စုစုပေါင်း ရာနဲ့ချီရှိမယ်လို့ ပြောဆိုပြီး ၁၀ရက်နေ့ နှစ်ဖက် အထိအခိုက် စာရင်းကိုတော့ မသိရသေးကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အစိုးရဖက်က ထုတ်ပြန်တဲ့သတင်းမှာတော့ ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က အရာရှိ၊ စစ်သည် ၁၀ကျဆုံးပြီး ၆၂ယောက် ထိခိုက် ဒဏ်ရာရကြောင်း ဖော်ပြပါတယ်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ တနိုင်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဒီလ ၃၁ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ ဒီစာချုပ် မူကြမ်း ကို နှစ်ဖက် ခေါင်းဆောင်တွေ ကို တင်ပြပြီး မေလအတွင်းမှာ အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။

ဒီလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အတည်ပြု လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေချိန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အနှောက်အယှက်ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ဒီစာချုပ် အကောင်အထည်ဖော်ဖို့ စာချုပ်ကို အတည်ပြုဖို့ ဆိုတဲ့နေရာမှာတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားနိုင်တာပေါ့။ ဒါကတော့။ ကျနော်တို့ကတော့ ဒီတရားဝင် လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကိုလည်းပဲ ဒါက သင့်တော်တဲ့ အချိန်ကာလဖြစ်တယ်။ သင့်တော်တဲ့ အဆင့်ဖြစ်တယ်ဆိုတာ တဖက်က ဆွေးနွေးပြီးတော့ တဖက်က တပ်မတော်ဘက် အစိုးရဘက်ကိုလည်း အကောင်အထည်ဖော်နိုင်အောင် လက်တွေ့ အတည်ပြုနိုင်အောင် ပတ်ဝန်းကျင် အနေအထားတွေ နိုင်ငံရေး မိုးလေဝသတွေလည်း ချင့်ချိန်ပေးဖို့ လိုတယ်ဆိုတာ တော့ တပြိုင်နက်တည်း မေတ္တာရပ်ခံရတာပေါ့ဗျာ။"

စာချုပ်မူကြမ်းလက်မှတ်ရေးထိုးပြီးတပတ်ကျော်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်၊ ပလောင်၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG