သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်စာချုပ် အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ထိုးမည်


အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ (စက်တင်ဘာ ၉၊ ၂၀၁၅)
အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ (စက်တင်ဘာ ၉၊ ၂၀၁၅)

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးကြဖို့ ဒီကနေ့မှာ နှစ်ဘက်တို့ သဘောတူခဲ့ကြပါတယ်။

နေပြည်တော် MICC 2 မှာ ကျင်းပမယ့်သဘောတူလက်မှတ်ရေးထိုးပွဲအတွက်လည်း တဘက်စီက ကိုယ်စားလှယ် ၁၀ ဦးစီ ပါဝင်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီကိုလည်း ဒီကနေ့ ဆွေးနွေးပွဲမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကနေ့မှာပဲ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ မြန်မာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသား ကိုယ်စားလှယ် တချို့တို့ ဆွေးနွေး သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်လို့ နှစ်ဘက်တို့က သုံးနှုန်း ပြောဆိုနေကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး တို့တော့ မပါဝင်ပါဘူး။ အပစ်ရပ်ရေး မြန်မာအစိုးရနဲ့ စတင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွ့ဲထဲက ၇ ဖွဲ့သာ NCA ကို လက်မှတ်ထိုးဖို့ သဘောတူထားပြီး ကျန်တဲ့ ၁၀ ဖွဲ့တို့ကတော့ အစိုးရဘက်က လက်နက်ကိုင်တပ် အားလုံးကို လက်ခံမှ လက်မှတ်ထိုးမယ်ဆိုတဲ့ မူဝါဒကိုကိုင်ဆွဲပြီး NCA မှာ လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား ရေးဆွဲခဲ့ကြတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ထိုးဖို့ သဘောတူထားကြတဲ့ အဖွဲ့တွေကတော့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသား တပ်ဦး CNF၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ရှမ်းပြည် တောင်ပိုင်း တပ်မတော်ကလည်း NCA မှာ ပါဝင် လက်မှတ်ထိုးဖို့ သဘောတူထားတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၈ ဖွဲ့တို့ ပါဝင် လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG