သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria စစ် အပစ်ရပ်ပြီ


ဆီးရီးယားမြို့ Homs မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
ဆီးရီးယားမြို့ Homs မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအပစ်အခတ် ရပ်စဲရေးအတွက် အဖွဲ့ပေါင်း ၁၀၀ လောက်က စောင့်ကြည့် ကြမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြုလုပ်တဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဆီးရီးယားစံတော်ချိန် ညသန်းခေါင်မှာ စတင်ဖို့ စီစဉ်ထား ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကို အဖွဲ့ ၉၇ ဖွဲ့ကနေ စောင့်ကြည့်လေ့လာသွားမယ်လို့ ကတိပေးကြကြောင်း ဆီးရီးယား အတိုက်အခံတွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခု အပစ်အခတ်ရပ်စဲရေးအတွက် အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ အယ်လ် နူစရာ တပ်ဦး အကြမ်းဖက် အဖွဲ့တွေကိုတော့ ထည့်သွင်းမထားပါဘူး။ ယာယီ အပစ်အခတ် ရပ်စဲရေး မစတင်ခင် တနာရီတောင် မပြည့်တဲ့ အချိန်မှာပဲ နယူးရောက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တညီတညွတ်တည်း အတည်ပြုပေးခဲ့တာပါ။

ဆီးရီးယား ပြည်တွင်းစစ်မှာ ပါဝင်ဆင်နွဲနေတဲ့ အဖွဲ့အားလုံးက ဒီသဘောတူညီမှုနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက သောကြာနေ့မှာ တညီတညွတ်ထဲ တောင်းဆိုလိုက်ကြတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ ပြန်လည် စတင်ကြဖို့လည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆီးရီးယားဆိုင်ရာ ကုလအထူးသံတမန် Staffan de Mistura က အပစ်အခတ်ရပ်စဲတဲ့ ကာလ ကြာရှည်အောင် ထိမ်းထားနိုင်ပြီ လူသားချင်းစာနာမှု အကူညီတွေ ဆက်ပေးနိုင်မယ် ဆိုရင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဂျနီဗာမှာ မတ်လ ၇ ရက်နေ့မှာ ပြန်လည် ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။

အပစ်အခတ်စတင် ရပ်စဲလိုက်ပြီးတဲ့ နောက်မှာ ဆီးရီးယားက အစွန်းသိပ်မရောက်တဲ့ အတိုက်အခံတွေကို ရုရှားက တိုက်ခိုက်မှုတွေ မလုပ်ဖို့ ရုရှားဆီက အာမခံချက်တွေ ရထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mark Toner က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်မှု ရပ်ဆိုင်းတာနဲ့ ပါတ်သက်ပြီး အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြဖို့ လိုတယ် လို့လည်း ပြောပါတယ်။

အပစ်အခတ်ရပ်စဲမှု မစခင်မှာတော့ ရုရှား စစ်လေယာဉ်တွေဟာ အကြမ်းဖက်အဖွဲ့တွေလို့ သူတို့ခေါ်တဲ့သူတွေအပေါ် သောကြာနေ့မှာ ဆက်တိုက်ဗုံးကြဲ ခဲ့တာပါ။ ရုရှားသမ္မတ Vladimir Putin ကလည်း ရုရှားလေယာဉ်တွေဟာ ဆီးရီးယားထဲမှာ ရှိတဲ့ အိုင်အက်စ်အဖွဲ့နဲ့ အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ al-Nusra တပ်ဦး အကြမ်းဖက် အဖွဲ့တွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စီစဉ်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေ ကို ပြောပါတယ်။

XS
SM
MD
LG