သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်သဘောတူညီချက် အပြီးသတ်နိုင်ဖို့ မျှော်မှန်း


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က သဘောထား မျှော်လင့်ချက် ရှိနေပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ရေး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီကနေ့ ရန်ကုန်ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ဘယ်အချက်တွေကို အဓိက ဆွေးနွေးကြဖို့ ရှိပါသလဲဆိုတဲ့ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် အချောသတ်ရေးဆွဲနိုင်ရေး ပဒိုနော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ဟာ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဌာနမှာ ဇူလိုင်လ ၂၂ ရက်နေ့မှာ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့ အရေး ဆွေးနွေးနိုင်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က သဘောထား မျှော်လင့်ချက်ရှိပါတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တာဝန်ခံ ဖဒိုစောကွယ်ထူးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုလိုက်ပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ရေးထိုး နိုင်အောင်တော့ ၂ ဘက် ညှိနှိုင်းကြိုးစား ဆောင်ရွက် သွားမယ်ဆိုတာတော့ သဘောထား ရှိထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ကတော့ မျှော်လင့်လျက်ရှိသလို၊ မျှော်လင့် ချက်ကောင်းနဲ့ ဆွေးနွေးတာကိုး။ ဒါမျှော်လင့်ချက်နဲ့ပဲ ကျနော်တို့အနေနဲ့ ကောင်းဖို့နဲ့ ပြည်သူလူထု လိုလားချက်ကို ဖြေရှင်းပေးနိုင် ဖို့ ဆွေးနွေးသွားမှာပဲ။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့အရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လော်ခီးလာ ထိပ်သီး အစည်းအဝေးက ပြင်ဆင်ထားတဲ့ NCA စာချုပ်မူကြမ်းပါ အချက်တွေ၊ နောက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ၊ ပြည်တွင်းက ပါဝင်လက်မှတ်ထိုးကြမယ့် အသိသက်သေကိစ္စ အပါအဝင် အားလုံးပါဝင်နိုင်တဲ့ အပစ်ရပ်စာချုပ် အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ရေး စတဲ့ အချက် ၄ ချက်ကို အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“အားလုံးဆိုတာတော့ဗျာ ကျနော်တို့အခုလက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံး ပါဝင်ဖို့တော့ ဆန္ဒရှိနေတာပေါ့။ ဒါမှလည်း အကုန်လုံး လက်မှတ်ထိုးနိုင်လို့ ရှိရင်တော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဝေါဟာရ နဲ့အညီ တပြည်လုံးမှာ သေနတ်သံတွေ တိတ်သွားမယ့် အနေအထား ရှိမှာပေါ့။ ဒါပေမဲ့ ဘယ်လိုအကောင်အထည် ဖော်မလဲ ဆိုတာကတော့ ကျနော်တို့ ဆွေးနွေးသွားရမှာပေါ့နော်။ အသိသက်သေကတော့ ကျနော်တို့ မူလက ထုတ်ထားတဲ့ သဘောထား ကြေညာချက် အတိုင်းပါပဲ။ နိုင်ငံတကာ အသိသက်သေရှိမယ်။ နိုင်ငံတကာ ဆိုတဲ့နေရာမှာလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ ကိစ္စရယ်၊ အစိုးရနဲ့ ပတ်သက်တဲ့ အသိသက်သေတွေပေါ့နော်။ ကျနော်တို့ မူသဘောအရကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်အရှိဆုံး၊ တာဝန်အမြင့်ဆုံး ခေါင်းဆောင်တွေပဲ လက်မှတ်ရေးထိုးတာ ပိုပြီးတော့ ခိုင်လုံတယ်ဆိုတဲ့ စာချုပ်သဘောတော့ ရှိတာပေါ့။ အဲဒီလိုတော့ သဘောထားရှိတာပေါ့၊ မူအရကတော့။”

တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ အားလုံးပါဝင်နိုင်ရေး အပါအဝင် စာချုပ် အပြီးသတ် မူချော ရရှိရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ကြိုးပမ်းနေကြတဲ့ အနေအထားအပေါ် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပါတယ်။

“လက်မှတ်ထိုးနိုင်ဖို့ဆိုတာ ဒါ ၂ ဦး ၂ ဘက်ရဲ့ သဘောထားအပေါ်မှာ မူတည်တယ်လေ။ တကယ်ပဲ ဖြစ်စေချင်တယ်၊ တကယ်ပဲ ပထမခြေလှမ်း အနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေး စားပွဲကိုသွားပြီးတော့မှ ငြိမ်းချမ်းအောင်လုပ်မယ်ဆိုတဲ့ ဆန္ဒသဘောထား အစိုးရဆီမှာ တကယ်ပဲ ၂ ဦး ၂ ဘက် ရှိမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အဲဒါလည်း မရှိဘူးဆိုရင်တော့ သိပ်တော့ မသေချာဘူးပေါ့လေ။ SD ပေါ့လေ၊ ဒီအဆင့်မြင့်အဖွဲ့တွေနဲ့ မနက်ဖြန် ပထမအကြိမ်ပေါ့လေ၊ သူတို့တွေ့ဆုံမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မနက်ဖြန်တွေ့ဆုံမယ့် အဖြေရလဒ်ပေါ်မှပဲာ မူတည်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ သုံးသပ်ဖို့က နည်းနည်းတော့ စောသေးတယ်ထင်တယ်။”

ပြီးခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲတုန်းကလည်း လက်ရှိ အစိုးရ သက်တမ်းကာလအတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး ကြိုးပမ်းသွားဖို့ မူအားဖြင့် နှစ်ဘက် သဘောတူညီချက် ရခဲ့တယ်လို့လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ NCA အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG