သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင် စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်


၂၀၁၅ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။
၂၀၁၅ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှု အတွက် သန်းခေါင်စာရင်းဟာ အရေးပါတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ အကြံပေး ပုဂ္ဂိုလ် ကလည်း နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပထမဆုံး အကြိမ် ပြန်လည် ကောက်ခံ တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ထုတ်ပြန်နိုင်ခြင်း အပေါ် ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

ဆယ်စုနှစ် ၃ စုကျော် အကြာမှ ပြန်လည်ကောက်ခံနိုင် တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းဟာ တိုင်းရင်သား လူမျိုးစုတွေ တိုးတက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး တို့အတွက် အရေးကြီးတယ်လို့ သမ္မတဦးသိန်းစိန်က အခုလို ပြောဆို လိုက်ပါတယ်။

" တိုင်းရင်းသား မျိုးနွယ်စု များ၏ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူဦးရေစာရင်းများက အဓိက အထောက် အကူပေးမည်ဖြစ်ပါတယ်။ မကြာမီ ပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများက တဆင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် ရာတွင် မလွဲမသွေကြုံ တွေ့ရမည့် တိုင်းရင်းသား မျိုးနွယ်စုများ ပြဌာန်းသတ်မှတ်ခြင်းကိစ္စ အတွက် နိုင်ငံရေး သဘော တူညီချက် များကို အခြေခံပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် လူဦးရေ စာရင်းများကို အခြေခံ ညှိနှိုင်းကြရမည် ဖြစ်ပါတယ်။"

သန်းခေါင်စာရင်းကောက်ယူရာမှာ မြန်မာအစိုးရနဲ့ပူးတွဲဆောက်ရွက်ခဲ့တဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ကလည်း လူဦးရေစာရင်းဟာ လူမှုရေး၊ စီးပွားရေး စတဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အရေးပါတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂို္ဂလ် Vijay Nambiar ကတော့ သန်းခေါင် စာရင်းကောက်ယူနိုင်မှု ကို ချီးကျူးပြောဆိုပြီး လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ သုံးသပ်ပါတယ်။

"အခုလက်ရှိထွက်လာတဲ့ သန်းခေါင်စာရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါဝင်နိုင်သေးတာကတော့ အဓိကပြသနာတစ်ခုဖြစ်နေပါတယ်တဲ့။ ဒါပေမယ့် စာရင်း မကောက်ယူနိုင်ခဲ့သေးပေမယ့် ရခိုင်ပြည်နယ်တွင်း လူဦးရေကောက်ကွက်မြေပုံ ထည့်သွင်းရေးဆွဲနိုင်ခဲ့တာကြောင့် အနာဂတ်မှာတော့ ထပ်မံ ဖြည့်သွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်တဲ့။ ဒီ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါလာတာဟာ အခုထွက်လာတဲ့ သန်းခေါင်စာရင်းရဲ့ အားနည်းချက် တစ်ခုဖြစ်နေပေမယ့် သန်းခေါင်စာရင်းရဲ့ ၉ ၈ ရာခိုင်နှုန်းလောက် ကတော့ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီပြီး အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ပြောသွားတာပါ။"

ဒီနေ့ထုတ်ပြန်လိုက်တဲ့ ပင်မအစီရင်ခံစာမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ လူဦးရေတိုးနှုန်း၊ မြို့ပြ နဲ့ကျေးလက်နေ လူဦးရေ၊ ကျား မ ဦးရေ၊ လူဦးရေအချိုးပိရမစ်၊ ကလေးမွေးဖွားနှုန်းနဲ့သေဆုံးသူဦးရေ စတဲ့အချက်အလက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်ထဲမှာထပ်မံထုတ်ပြန်မယ့် ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အချက်အလက်တွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက်တွေကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။


"ဒီနေ့ ဝန်ကြီးဦးခင်ရီ ရှင်းသွားတဲ့ အထဲမှာ ethnicity ပေါ့နော်။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၂၀၁၆ မှာ အသေးစိတ် ထုတ်ပြန်မယ် လို့ ပြောသွားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အသေးစိတ် စာရင်းကို လာမယ့်နှစ် ၂၀၁၆ ထုတ်တဲ့အထိ စာရင်းဇယားတွေ အားလုံး ပြည့်စုံတဲ့ အထိကို စောင့်ကြည့်ပြီးတော့မှ ထုတ် တာက ပိုကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ "

တချိန်တည်းမှာပဲ ဒီမေလ ၃၁ ရက်နေ့နောက်ဆုံး ပြန်လည် အပ်နှံရမယ့် နိုင်ငံခြားသားတွေ ကိုင်ဆောင်တဲ့ ယာယီ သက်သေခံလက်မှတ် White Card တွေရဲ့ နောက်ဆုံး အခြေအနေအကြောင်း VOA ရဲ့ မေးမြန်းချက်ကိုတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အား ဝန်ကြီးဦးခင်ရီက အခုလိုဖြေကြားပါတယ်။

"အခု မေလ ၃၁ရက်နေ့မှာ White Card ကဒ် သက်တမ်း ကုန်တယ်လို့ သတ်မှတ်ပါတယ်။ အပ်နှံကာလကို နှစ်လ ထားပါတယ်။ မေ ၃၁မှာ အပ်နှံလို့ရှိရင် ပြီးပါပြီ။ အခုကျနော်တို့ဆီမှာ လေးသိန်းတစ်သောင်း ငါးထောင်ကျော် မနေ့က ကျနော်တို့ လက်ခံရရှိပြီးဖြစ်ပါတယ်။ တချို့နေရာတွေမှာ ကျန်နေပါသေးတယ်။ တချို့ကလည်း သေသွားတဲ့သူရှိတယ်။ တချို့ကလည်း ကဒ်ပိုရှိတယ်ပေါ့ လာပြီး သတင်းပို့တာတွေရှိပါတယ်။ ဒါတွေက လက်မှတ်ကိုင်ထားလို့ရှိရင် ဆက်ပြီးတော့ နိုင်ငံသားစိစစ်ရေး ခံရမှာပဲ။ နိုင်ငံသား စိစစ်ရေး ခံမယ်ဆို ၈၂ ဥပဒေအတိုင်း ဘယ်သူကဖြင့် နိုင်ငံသားဖြစ်မယ်။ ဘယ်သူကဖြင့် နိုင်ငံသားမဖြစ်ဘူး ဒီလိုဖြစ်မယ်။"

အစိုးရဟောင်းတွေလက်ထက် အဆက်ဆက်မှာတော့ နိုင်ငံခြားသားတွေအတွက် ယာယီသက်သေခံလက်မှတ်ပေါင်း ၇ သိန်းခန့် ထုတ်ပေးထားခဲ့ တာလည်းဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတယ်လို့ခန့်မှန်း ထားခဲ့ပေမယ့် နှစ်ပေါင်း ၃၀ကျော် အကြာမှ ပြန်လည်ကောက်ခံ တဲ့ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လက်ရှိ လူဦးရေ ၅၁.၈သန်းရှိနေပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုထိရောက်စေဖို့အတွက် လူမှုစီးပွားရေးအချက်အလက် အတိအကျကို ဒီကနေ့ ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

XS
SM
MD
LG