သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်အောင်ကျော် ရာပြည့် မွေးရပ်မှာ ကျင်းပ


ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနား- သတင်းဓာတ်ပုံ Credit to ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၊
ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနား- သတင်းဓာတ်ပုံ Credit to ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၊

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ မှာ ဒီကနေ့ စတင် ကျင်းပနေပါပြီ။ မြန်မာပြည်အ တွက် ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုအပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါ ရီ ၂၇ရက်နေ့ မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မွေးနေ့ပွဲအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမှာ ဖေဖော်ဝါရီ ၂၆ရက်နဲ့ ၂၇ရက် ၂ရက် ကျင်းပသွားမှာဖြစ်ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်အောင်ကျော် မွေးဖွားရာ ရုံးဇင်ကျေးရွာမှာ နှစ် ၁၀၀ပြည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ပြခန်းကို ဖွင့်လှစ်ခဲ့သလို ဗိုလ်အောင် ကျော်ရဲ့ ပုံတူကြေးရုပ်ကို မဲဇလီကုန်း ဗိုလ်အောင်ကျော် ခန်းမရှေ့မှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တသက်မှာ တခါတာ ကျင်းပခွင့်ရတာမို့ ပိတီဖြစ်သလို ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ရာပြည့်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးဆန်းညွန့်ဦးက အခုလိုပြောပြပါတယ်။

"နောင်မျိုးဆက်သစ်တွေပေါ့ဗျာ ဘယ်လိုပဲ ကျွန်ပညာရေးစနစ်ကို စခဲ့ရင် ဘယ်လိုမှ ခေါင်းငုံ့မခံဘူး။ ဒီလို အသက်ကိုပေးပြီး တော်လှန် တယ်။ နောင်မျိုးဆက်သစ် ကလေးတွေ ဒီလို မဟုတ်မခံစိတ်ဓာတ်ကလေးတွေ ၊ သူ့ကျွန်မခံစိတ်ဓာတ်ကလေးတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကို ငြိမ်မခံတတ်တဲ့ စိတ်ဓာတ်မျိုး ကိုယ့်နိုင်ငံအတွက် ဖြစ်အောင် အဲ့လိုလေးတွေဖြစ်အောင် မှတ်မှတ်ရရဖြစ်အောင် နောက်မျိုးဆက်သစ်တွေ အတုယူနိုင်အောင် ဒီပွဲကို ကျနော်တို့က အဓိကထားပြီး ကျင်းပပြုလုပ်တာပါခင်ဗျာ။"

ဒီအခမ်းအနားကို ဗိုလ်အောင်ကျော်ရဲ့ မြေးတော်စပ်သူ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အပါအဝင် ၈၈မျိုးဆက်နဲ့ အခြားနိုင်ငံရေးအင်အားစုတွေ တက်ရောက်ကြသလို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့အတွက် ရည်ရွယ်ပြီး စာပေဟောပြောပွဲတွေ အပြင် စာပေနဲ့ အနုပညာပြခန်းတွေကို လည်း ပြသထားပါတယ်။

နယ်ချဲ့ကိုလိုနီလက်ထက်မှာ မတရားမှုတွေကို တွန်းလှန်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ ရာပြည့်ပွဲဟာ နိုင်ငံရေး အရောင်အသွေး ကင်းကင်းနဲ့ ဗိုလ်အောင်ကျော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင် ခွင့်ရတဲ့ပွဲဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး အကူညီပေးနေတဲ့ ကိုဇော်ရမ်းက ပြောပါတယ်။

"ဒီပွဲမှာ ကျနော်တို့က နိုင်ငံရေးပါတီအရောင်အသွေးကင်းကင်းနဲ့ ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းက ညီငယ် ခွပ်ဒေါင်း မျိုးဆက်တွေ၊ နောက်တခါ အထက်မြန်မာပြည် ပင်မစစ်ကြောင်း က ကျောင်းသားတွေ နောက်တခါ ကျနော်တို့ ၇၄၊ ၇၅ ကျောင်းသားတွေ အကုန်လုံးပေါ့ ဒီကို ရောက်ရှိလာတယ်။ စာရေးဆရာတွေ ရောက်ရှိလာတယ်။ အကုန်လုံး ရောက်ရှိလာပြီး ဒီနှစ်တစ်ရာပြည့်အခမ်းအနားကို ခမ်းခမ်းနားနား အနှစ်သာရ ရှိရှိနဲ့ ကျင်းပမှာဖြစ်တဲ့အတွက် တော်တော်လေး ကို ပြည့်ပြည့်စုံစုံ နိုင်ငံရေးအခင်းအကျင်းက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့အတွက် တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ "

ဗိုလ်အောင်ကျော်ရဲ့ တူ စာရေးဆရာ သန်းဝင်းနိုင်ကတော့ ဒီလို ရာပြည့်ပွဲမျိုးကို ဆွေမျိုးတွေ ဦးဆောင်ပြီး မလုပ်နိုင်ပေမယ့် ဒေသခံတွေ၊ လူငယ်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဝိုင်းဝန်းလုပ်ဆောင် ပေး ကြတဲ့အတွက် တိုင်းပြည်အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

" ကျနော်က သိပ်ဝမ်းသာပါတယ်။ ကျနော်တို့က လုပ်ရမှာလေ။ ကျနော်တို့ကလည်း မတတ်နိုင်ဘူး။ ကျောင်းသားဟောင်းတွေ၊ ဒေသခံလူငယ်တွေက ဝိုင်းလုပ်တဲ့အခါမှာ ကျနော်တို့ ကိုယ်စားလုပ်ပေးတယ်ဆိုတော့ အရမ်းကျေးဇူးတင် ပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ကိုယ်တိုင် လည်း မလုပ်နိုင်ဘူးလေ။ ကျနော်တို့က ကိုယ်တိုင်အတွက်ရော တိုင်းပြည်အတွက်ရော ဂုဏ်ယူပါတယ်။"

နေမျိုးသီဟသူရ ဘွဲ့ရ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ နယ်ချဲ့အစိုးရက ၁၃၀၀ပြည့် အရေး တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့လို့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့က အတွင်းဝန်ရုံးကို ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး နယ်ချဲ့မြင်းစီးပုလိပ်တွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှု ကြောင့် ဒဏ်ရာ ရခဲ့ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ ကျဆုံးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG