သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်တန်ဖိုးကျမှု ဗဟိုဘဏ်နဲ့လုပ်ငန်းရှင်သဘောကွဲ


မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာဈေးနှုန်း တရှိန်တိုးတက်လာတဲ့အပေါ် ဗဟိုဘဏ်ဘက်က အရေးယူလုပ်ဆောင်မှုနည်းတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ငွေလဲနှုန်းကွာခြားလာတဲ့ကိစ္စ ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်လာမယ့်အရေးကိုလည်း စိုးရိမ်နေကြပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့ ငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ် ငွေလဲလှယ်နှုန်းက အရင် ၈၀၀ ကျပ်ကျော်ကနေ အခု ၁၃၀၀ လောက်ထိကို တရိပ်ရိပ် တက်လာပြီးနောက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရင်းအမြစ် ရှာဖွေတဲ့အနေနဲ့ စနေနေ့မှာ သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်တွေကို သီးခြားစီတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့ပို့ကုန်တွေ တိုးတက်တင်ပို့နိုင်ဖို့နဲ့ ပို့ကုန်ဝင်ငွေအားလုံး ပြည်တွင်းကို ပြန်ရောက်ရေးစိစစ်ဖို့ ဗဟိုဘဏ်ကို ပို့ကုန်လုပ်ငန်းရှင်တို့က အကြံပေးခဲ့ကြ ပါတယ်။ ဗဟိုဘဏ်ဘက်ကတော့ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားဝင်ငွေကို သွင်းကုန်လုပ်ငန်းရှင်တွေဆီကို တိုက်ရိုက်ရောင်းချတဲ့ကိစ္စ ထိန်းချုပ်ဖို့ ပြောဆိုခဲ့ပေမယ့် ပို့ကုန်လုပ်ငန်းရှင်တွေဘက်က လက်မခံခဲ့ကြပါဘူး။ သွင်းကုန်လုပ်ငန်းရှင်တွေက လိုအပ်တဲ့အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က တိုက်ရိုက်ထုတ်ရောင်းဖို့ အဆိုပြုခဲ့ကြတာကိုလည်း ဗဟိုဘဏ်ဘက်က ပယ်ချပါတယ်။ မြန်မာ့ငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာငွေ အခုထက်ပိုပြီး ဝင်ရောက်လာဖို့ အဓိက လိုအပ်ချက်တခုက ဘဏ်စနစ်ဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ထောက်ပြပါတယ်။

“ကျနော်တို့ဗမာပြည်မှာရှိနေတဲ့ကုမ္ပဏီတွေ Import, Export လုပ်နေတဲ့သူအများစုက စင်္ကာပူနိုင်ငံမှာရှိတဲ့ဘဏ်တွေကို အားကိုးပြီးတော့ လုပ်နေကြရတာ များတယ်။ ပြောရမယ်ဆိုရင်ဗျာ - ကျနော်တို့ရဲ့ငွေတော်တော်များများက၊ ဗမာပြည်ကငွေတော်တော်များများက စင်္ကာပူနိုင်ငံမှာရှိတဲ့ ဘဏ်တွေမှာ ရှိနေတာပေါ့နော်။ ဒါတွေကို ကျနော်တို့က ဒီဘက် ဗမာပြည်မှာရှိနေတဲ့ နိုင်ငံခြားဘဏ်တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖွင့်ခွင့်ပေးမယ်၊ ဒီငွေတွေက စင်္ကာပူကနေ ဗမာပြည်ကိုပြန်ပြီး စီးဆင်းလာမယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်နိုင်မယ်။”

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တို့ကတော့ ငွေလဲနှုန်း မတည်ငြိမ်တဲ့အတွက် ဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်မယ့်အရေးကိုလည်း ထောက်ပြပါတယ်။

“ငွေကြေးအဆင်မတည်ငြိမ်မှုကြောင့် importer ရော၊ exporter ရော နှစ်ဘက်စလုံးမှာ အခက်အခဲတွေ့လာနိုင်ပါတယ်။ အဲဒါဆိုရင် ကျနော်တို့က ငွေကြေးတည်ငြိမ်မှုရှိလာရင် အလုပ်လုပ်ရတာ အဆင်ပြေတဲ့အပိုင်းဖြစ်မှာပေါ့နော်။ အခု လက်ရှိအနေအထားက ဒီရက်ပိုင်းအတွင်းမှာပဲ ငွေဈေးတက်လိုက်ကျလိုက်ဖြစ်နေတာက အကြမ်းဖျင်းကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် လေးငါးခြောက်ဆယ်လောက်ဖြစ်နေတယ်။ ဖြစ်နေတော့ ကျနော်တို့က ဒီဈေးနဲ့ရောင်းရမလား၊ ဝယ်ရမလား၊ ဒါမှမဟုတ်ရင် ဆက်ပဲကိုင်ထားရမလား ဒါတွေက …ရှာလို့မရတဲ့အပိုင်းတွေ ဖြစ်နေ တာပေါ့နော်။ ဒေါ်လာဈေးလုံးဝ ဝယ်လို့မရတဲ့အပိုင်းတွေဖြစ်နေတဲ့အတွက်ကြောင့် မို့လို့ ပြောရမယ်ဆိုရင် လက်ရှိအနေအထားမှာတော့ ….အခြေအနေကို ထိခိုက်နေတဲ့အနေအထားရှိတယ်။ သို့သော်လည်း နောက်လာမယ့် တလနှစ်လကြာရင် …ပြည်သူတွေ၊ သာမန်လူတန်းစားတွေပါ ထိခိုက်လာမယ့်အနေအထားတွေကို ကျနော်တို့မြင်ပါတယ်။”

လက်ရှိ မြန်မာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အဝယ်လိုက်နေတဲ့ကိစ္စဟာ ဈေးကစားမှုလား၊ ဒါမှမဟုတ် ဈေးကွက်အတွင်း တကယ့် လိုအပ်ချက်လား ဆိုတာက ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဒါပေမယ့်လည်း ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ကြားဝင်ဆောင်ရွက်ချက်တွေအပေါ်မှာ အားမလိုအားမရဖြစ်ရတယ်လို့ ပြောပါတယ်။

“ဗဟိုဘဏ်အနေနဲ့ တာဝန်ယူမှု နည်းနေတဲ့အပိုင်းတွေ ကျနော်တို့မြင်တာပေါ့နော်။ ဗဟိုဘဏ်ရဲ့လှုပ်ရှားမှုအနေနဲ့အားနည်းတယ်။ …. လုပ်တဲ့ဟာတော့ အများကြီးမတွေ့ရဘူး။ ”အခုထက်ထိလည်း ဘာလုပ်မယ်ဆိုတာ သေချာမသိတဲ့အတွက်ကြောင့် ဒါကတော့ ကျနော်တို့ အားမလိုအားမရဖြစ်တယ်။ ဈေးကစားတာတခုထဲဆိုရင်တော့ ဗဟိုဘဏ်က ဝင်ထိန်းလို့ရနိုင်တာပေါ့နော်။ လူတယောက်ဈေးကစားတယ်ဆိုရင် သူကစားနိုင်တဲ့ပမာဏတခုရှိတယ်။ အဲဒီထက်ကျော်သွားရင် ငွေဈေးရှိတဲ့လူအနေနဲ့…ဗဟိုဘဏ်ဆိုတာတော့ တဦးတယောက်ထက် အများကြီး ငွေကြေးနဲ့ပတ်သက်ရင် ခိုင်မာမှုရှိတယ်လေ။ အဲဒီတော့ ဈေးကစားတာတခုကိုတော့ ကျနော်တို့က ပြောလို့မရဘူးပေါ့နော်။ ကျန်တဲ့အချက်တွေကိုလည်း ကျနော်တို့က ဖြေရှင်းဖို့လိုတယ်လို့ မြင်တာပေါ့နော်။ ဈေးကစားတာကတော့ အချိန်တန်ရင် ပြန်ကျမှာပဲလို့ ပစ်ထားရင်တော့ ကျနော်တို့အချိန်ကျရင်တော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေ တွေ့လာနိုင်တယ်လို့ ကျနော်တို့ ထင်တာပေါ့နော်။”

အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်း အတော်လေး ကွာဟလာတဲ့အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့ နိုင်ငံခြား ငွေလဲလှယ်မှုမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့နှုန်းထားအတိုင်းလဲလှယ်ကြဖို့ ခေါ်ယူသတိပေးခဲ့ပြီးနောက်မှာ ဆက်တိုက်ဆိုသလို ဗဟိုဘဏ်အရာရှိတွေ၊ အစိုးရဝန်ကြီးတွေ၊ လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ နောက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် အစိုးရတွေအနေနဲ့ ဌာနဆိုင်ရာ လေလံတွေဝန်ဆောင်ခတွေ ကောက်ခံကြတာမှာ မြန်မာကျပ်ငွေကို အသုံးပြုဖို့ကိုလည်း ဗဟိုဘဏ်က သမ္မတရုံးခွင့်ပြုချက်နဲ့ အသိပေးချက်တွေ ပေးပို့ခဲ့ပါတယ်။ ဒီအတောအတွင်းမှာလည်း ဗဟိုဘဏ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ၁ သောင်းတန်အသစ်တွေ ထုတ်မယ်လို့လည်း ကြေညာခဲ့ပါတယ်ရှင်။

XS
SM
MD
LG