သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ပုံမှန်ရက်အတိုင်း ကျင်းပမည်


ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး။

မြန်မာနိုင်ငံဒေသအချို့မှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတာကြောင့် ရွေးကောက်ပွဲရက်ကို ရွေ့ဆိုင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်း ဒီကနေ့ ဆွေးနွေးခဲ့ပေမယ့်၊ ကော်မရှင်အဖွဲ့ဝင်အားလုံးရဲ့ ဆုံးဖြတ်ချက်အရ သတ်မှတ် ပုံမှန်ရက်အတိုင်း ဆက်ကျင်းပသွားဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ ကော်မရှင်ကနေ နိုင်ငံရေးပါတီ ၁၀ ပါတီကို ခေါ်ယူပြီး ဆွေးနွေးမေးမြန်းမှုလုပ်ခဲ့ပါတယ်။ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့တော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်ကိုမိုးဇော်က စုံစမ်းမေးမြန်းထားပါတယ်။

ရွေးကောက်ပွဲရွှေ့ဆိုင်းလိုကြောင်းကို ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီး ၆ခုရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တင်ပြ အဆိုပြုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးသိန်းဦးက အခုလို ပြောဆိုပါတယ်။

“ဒီကနေ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘာဝဘေးကျရောက်နေတော့လေ အဲဒါနဲ့ ပက်သက်လို့ ဒါရွှေ့ဆိုင်းသင့်၊မသင့် ပေါ့နော်။ဒီနေ့နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့တွေ အစည်းအဝေးလုပ်တာတွေရှိပါတယ်။ စေ့စပ်ညှိနှိင်းရေးကေ်ာမတီမှာပါဝင်တဲ့ ပါတီတွေနဲ့ ပေ့ါ။ အဲဒါတွေနဲ့ကော ကျနော်တို့ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့လုပ်တာတွေလည်းရှိတယ်။ ရွှေ့ဆိုင်းဖို့၊ မရွှေ့ဆိုင်းဖို့တော့ တိတိကျကျဆုံးဖြတ်တာတော့မရှိသေးဘူး။ ဒီအပေါ်မှာရော ပါတီတွေရဲ့တင်ပြချက်တွေအပေါ်မှာရော၊ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာရော ဒါကိုတော့ ကော်မရှင်က ပြန်ပြီးတော့ စည်းစားမှာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို ကန့်ကွက်ထားတယ်လို့ အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ်တယ်။ပြီးတော့ ဦးတင်အေးကနေပြီးတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းချင်တဲ့ ဆန္ဒရှိတယ်တဲ့။ ပါတီသဘောထားပေးပါဆိုတော့။ ကြံ့ခိုင်ရေးရယ်၊ အမျိုးသားပါတီရယ်၊ တောင်သူလယ်သမား ပါတီရယ်ထောက်ခံတယ်။ တစည၊ ရခိုင်ရယ်၊ NDF ကတော့ ကော်မရှင်သဘောပါပဲတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကန့်ကွက်တယ်။ ကျနော်တို့ပြောတာက အဲဒီဟာမခိုင်လုံဘူးလို့။ နာဂစ်မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း ၂ ခုလုံး သိန်းနဲ့ချီသေတာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေမဲထည့်ရမယ် ဆိုတာကိုတောင် လုပ်တယ်။ ဒါကို မခိုင်လုံကြောင်း ကျနော်ပြောလိုက်တယ်။”

ရွေးကောက်ပွဲကို ဘယ်ရက်အထိ ရွှေ့ဆိုင်းမယ်ဆိုတာတော့ ဆွေးနွေးပွဲမှာတိတိကျကျ သတင်းထုတ်ပြန်တာ မရှိဘဲဒီနေ့ ည ၈နာရီသတင်းမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ကော်မရှင်က တရားဝင်ကြေညာဖို့ ရှိနေပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေရဲ့ ၇၃ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညိနှိုင်းရေး ဗဟိုကော်မတီတွင် ပါဝင်သည့် ပါတီ ၁၀ ပါတီကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ကရင်နဲ့ ရှမ်းပါတီ ၂ပါတီက မတက်ရောက်ခဲ့ပါဘူး။

XS
SM
MD
LG