သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုဖို့ ရက်ပြောင်းရွှေ့


ရန်ကုန်မြို့တွင်းက ဆန္ဒပြမှုမြင်ကွင်းတစ်ခု။
ရန်ကုန်မြို့တွင်းက ဆန္ဒပြမှုမြင်ကွင်းတစ်ခု။
ပုဒ်မ၁၈ ဖျက်သိမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးဖို့ အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းအပါအဝင် အဖွဲ့အစည်းပေါင်း ၅၀ ကျော်က တောင်းဆိုမယ့် ဆန္ဒထုတ်ဖော်ပွဲကို ၅ ရက်နေ့ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာပါ။

၈၈မျိုးဆက်ကျောင်းသားတွေ အပါအဝင် ပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်း ၅၀ကျော်ရဲ့ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့ကို နောက်တစ်ရက် ဆုတ်ပေးလိုက်ရတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ကိုပြုံးချိုက ပြောပါတယ်။

" ကျနော်တို့ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနဲ့ စုဝေးခြင်းဆိုင်ရာဥပဒေဆိုင်ရာ ဒီမိုကရေစီနိုင်ငံတော်နဲ့ မသင့်လျော်တဲ့ ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တဖက်သတ်ဖိနှိပ်ချုပ်ချယ်တဲ့ ကန့်သတ်မှုတွေနဲ့ပတ်သက်ပြီး ပူးပေါင်းဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာ လုံခြုံရေးတွေနဲ့ပြန်လည်ညှိနှိုင်းမှုအရ ကျနော်တို့ ဇန်နဝါရီလ ၄ရက်နေ့ ကနေ ၅ရက်နေ့ကို ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြန်လည်သတ်မှတ်ခဲ့ပါတယ်။

ပုဒ်မ ၁၈ အပါအဝင် ပြည်သူ့အပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေသော ဥပဒေများ ဖျက်သိမ်းနိုင်ဖို့၊ ၂၀၁၄ မှာ နိုင်ငံရေးပုဒ်မတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး မဖမ်းဖို့ အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်လို့ ကိုပြုံးချိုကပြောပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ရဲ့ နည်းဥပဒေ ပုဒ်မ ၁၈ ကြောင့် လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားမှာ အမှုရင်ဆိုင်နေ ရသူ ပေါင်း ၂၀၀ နီးပါးလောက် ရှိတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ က တာဝန်ရှိသူတွေ ပြောဆိုထားတာပါ။

ပုဒ်မ ၁၈ ဟာ မြန်မာ နိုင်ငံသားတွေ ရဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးကို တားဆီးပိတ်ပင်တဲ့ ဥပဒေပုဒ်မ ဖြစ်တာကြောင့် လုံးဝမရှိသင့်ဘူးလို့ ဆန္ဒ ထုတ်ဖော်ပွဲမှာ ပါဝင်မယ့် မျိုးဆက်သစ်လူငယ်များ အဖွဲ့ ( Generation Wave ) က ကိုမိုးသွေဃ်းက ပြောပါတယ်။

" ပုဒ်မ ၁၈နဲ့ပတ်သက်လို့ ဖျက်သိမ်းဖို့ဆိုတဲ့ ကိစ္စမျိုးမှာတော့ ဒါကတော့ မရှိသင့်ဘူးလို့ ကျနော်တို့ ယူဆတဲ့ဟာပေါ့။ ဒီကိစ္စဟာ ကိုယ့်ရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ကိုယ့်ရဲ့အခက်အခဲတွေ ပြဿနာတွေကို လူထုက ထုတ်ဖော်ပြောဆိုတဲ့အခါမှာ ဆန္ဒတွေ ထုတ်ဖော်တဲ့အခါမှာ ခွင့်ပြုချက်တင်ရမယ့် ဆိုတဲ့ဟာက ပြဿနာရှိတယ်ပေါ့နော်။ လူတွေရဲ့လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တိုက်ရိုက် ကန့်သတ်တာဖြစ်တဲ့အတွက် ဒါကြောင့်မို့ ကျနော်တို့က ဖျက်သိမ်းပေးဖို့ဆိုတာ ဖြစ်လာတာပါ။"

ဒီမိုကရေစီအသွင် ကူးပြောင်းရေး စနစ်ကို သွားနေချိန်မှာ ဥပဒေက ပေးထားတဲ့ အခွင့်အရေးကို နည်းဥပဒေတွေ နဲ့ တားဆီး ပိတ်ပင် တာမျိုးတွေတော့ ရှေ့လျောက်မှာ အစိုးရ အနေနဲ့ လုံးဝမလုပ်ဆောင်သင့်ဘူးလို့ ကိုပြုံးချိုက ပြောပါတယ်။

"အဓိကကတော့ ခေတ်အပြောင်းအလဲဖော်ဆောင်ကြပြီဆိုလို့ရှိရင် နိုင်ငံသားတွေရဲ့ ဆန္ဒ စိတ်ခံစားမှု၊ ကိုယ်စားပြုမှု အမှန်တွေရဖို့အရေးကြီးပါတယ်။ အဲ့တာကြောင့် ရေရှည်မှာ တဖက်ကနေပြီးတော့ ဥပဒေအရ ပြဌာန်းချက်တွေကို နည်းဥပဒေအရ ပြန်လည်ကန့်သတ်ခြင်းတွေကို နည်းနိုင်သမျ နည်းအောင်၊ နိုင်ငံသားတွေရဲ့ ပါဝင်မှုတွေကို မြှင့်တင်နိုင်အောင် အပြုသဘောဆောင်တဲ့ ချဉ်းကပ်ချက်တွေနဲ့ ကျနော်တို့ ကြိုးပမ်းကြရဖို့ဖြစ်ပါတယ်။"

ဇန်နဝါရီလ ၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ပွဲမှာ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ နဲ့ အတူထဲမှာ ပါဝင်မယ့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင်လင်း လူမှု အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ အပါအဝင် ပွင့်လင်း လူမှုအဖွဲ့အစည်းလည်း ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပုဒ်မ ၁၈ ဖျက်သိမ်းရေး အတွက် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြန်လည် ကျင်းပမယ့် နဝမ အကြိမ် လွတ်တော် အစည်းအဝေးတွင်း မှာ ဆွေးနွေးမှုတွေ ပြုလုပ်ဖိ့ု ရှိတယ်လို့လည်း လွှတ်တော် အသိုင်းအဝိုင်းက ပြောဆိုနေကြတာပါ။
XS
SM
MD
LG