သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား မထားဖို့ မြန်မာကို လူ့အခွင့်အရေး အဖွဲ့တွေ တိုက်တွန်း


ကလေးစစ်သား ပြန်လည် အပ်နှံပွဲ
ကလေးစစ်သား ပြန်လည် အပ်နှံပွဲ

မြန်မာနိုင်ငံမှာ ကလေး စစ်သားတွေ ရှိနေဆဲဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စု ရဲ့ CSPA လို့ ခေါ်တဲ့ ကလေးစစ်သား ဟန့်တားရေး ဥပဒေနဲ့ မြန်မာ အပေါ် ဆက်လက် အရေးယူသွားဖို့ သမ္မတ အိုဘားမားက အစိုးရရဲ့ ကြေညာချက် ကို နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက ထောက်ခံကြိုဆို လိုက်ပါတယ်။ ဒါအပြင် ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ် စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုး ထားတဲ့ မြန်မာအစိုးရအနေနဲ့ တိုင်းပြည်တွင်းမှာ ကလေးစစ်သားပပျောက်ရေး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

ကမ္ဘာမှာ ကလေးစစ်သား ပပျောက်ရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ မူဝါဒဖြစ်တာကြောင့် မြန်မာစစ်တပ်က ကလေးစစ်သားတွေကို ဆက်ပြီး အသုံးပြုနေတဲ့အပေါ် အမေရိကန် အစိုးရက ဆက်လက် အရေးယူတာလို့ မြင်တဲ့ အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

"သမ္မတ အိုဘားမားဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာ စစ်တပ်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေကိုပြန်လွှတ်ပေးပြီး ကလေးစစ်သား ပပျောက်ရေး အခြေအနေတွေ တိုးတက်နေပြီလို့ ကုလသမဂ္ဂ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောသွားတာတွေ့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကလေးစစ်သား လုံးဝမရှိစေရ ဆိုတဲ့မူဝါဒကို အခိုင်အမာချမှတ်ပြီး အစိုးရရော၊ စစ်တပ်ကပါ လိုက်နာဆောင်ရွက်တာမျိုး ကျနော်တို့ မတွေ့ရသေးပါဘူး။

ကလေးစစ်သား အသုံးပြုနေတဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ နယူးယောက်မှာ ပြုလုပ်တဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေမှာ ကလေးစစ်သား စုဆောင်းနေဆဲဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါနဲ့ပတ်သက်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်ဦးက အခုလို သူ့အမြင်ကိုပြောပါတယ်။

" ဆက်လက်စုဆောင်းနေတဲ့ဆိုတဲ့ ကိစ္စရပ်အပေါ်မှာ နိုင်ငံတကာက ဘာကြောင့် သုံးသပ်တာလည်းဆိုလို့ရှိရင် ဒီလိုတပ်မတော်ကနေပြီးတော့ တပ်သားစုဆောင်းတဲ့ အခါမှာ ပြည်တွင်းစစ်ဖြစ်တဲ့နေရာဒေသတွေမှာ မိဘမဲ့ ကလေးတွေကို သူတို့ခေါ်ယူ ထိန်းသိမ်းတယ်။ တပ်မတော် ထဲမှာပဲ လေ့ကျင့် သင်တန်းပေးတယ်။ ဒီကလေးတွေကိုပဲ စစ်မှုထမ်း အဖြစ် ပြန်လည်အသုံးပြုတယ်။ ဒါအစဉ်အဆက်သူတို့ လုပ်လာတဲ့ဥစ္စာပဲ။ ဒါတွေက အခု အချိန်အထိ ဆက်လက် ရှိနေသေးတယ်ဆိုတာကို ကျနော်တို့သိရတယ်။"

ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ မြန်မာစစ်တပ်က ကလေးစစ်သား တစ်ရာကျော်လောက် လွှတ်ပေးလိုက်တာ အပါအဝင် အရင်ကလွှတ်ပေးထားတဲ့ အရေအတွက်ဆိုရင် သုံးရာကျော်လောက်ရှိသွားပေမယ့် ဒီလူငယ်တွေရဲ့ ဘဝပြန်လည် ပျိုးထောင်ပေးဖို့ အစီအစဉ်မျိုး အစိုးရဘက်မှာမရှိဘူးလို့ ဦးမင်းလွင်ဦး ကထောက်ပြပါတယ်။

"အဲ့တော့ ကျနော်တို့ တပ်မတော်ကနေ ထွက်လာတဲ့ ကလေးတွေရဲ့ ပြန်လည် ထူထောင်ရေးကို စစ်တပ်က တာဝန်ယူပြီးတော့ နိုင်ငံတော်အစိုးရက တာဝန်ယူပြီးတော့ လုပ်ပေးတယ် ဆိုတာ အခုအချိန်အထိ ကျနော် မကြားဖူးသေးဘူး။ အဲ့တော့ အဲ့ဒီ့ကလေးတွေ ရောက်လာတဲ့အခါမှာ UNICEF ကနေပြီးတော့ စစ်တပ်ထဲက ထွက်လာတဲ့ကလေးတွေအတွက် အတတ်ပညာသင်ပေးတာတို့ နောက် ပြီးတော့ လူမှုအသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်လာအောင် စိတ်ကုထုံးတွေနဲ့ကုသပေးတာတို့ဆိုတာ UNICEF က လုပ်တာ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မရှိဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ကျနော်တို့သိတယ်။"

ဒါအပြင် အရင် မဆလခေတ်၊ စစ်အစိုးရခေတ်ကတည်းက အခုချိန်ထိ ကလေးစစ်သား စုဆောင်း အသုံးပြုလာတာကြောင့် ကလေးစစ်သားဦးရေ ဘယ်လောက်ထိ ရှိနေလဲဆိုတာ တိတိကျကျ ဘယ်သူမှမသိဘူး လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုနေတာအပြင် အခြားလူ့အခွင့်အရေး ချိူးဖောက်မှုတွေ ပါရှိနေသေးတာမို့ ဒါတွေကိုပါ အရေးယူဆောင်ရွက်သင့် တယ်လို့လည်း HRW အာရှရေးရာ တာဝန်ခံ Brad Adams က ဆိုပါတယ်။

"အမေရိကန်အစိုးရအနေနဲ့ ဒီကလေး စစ်သားကိစ္စတင်မကပဲ ပြည်တွင်းမှာ ဆက်ပြီးဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံမျိုးစုံအတွက်ပါ အရေးယူမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။"

အမေရိကန်သမ္မတ အနေနဲ့ လွှတ်တော်ကို နှစ်စဉ်တင်သွင်းရတဲ့ နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဟန့်တားရေး အစီရင်ခံစာမှာ ကမ္ဘာတဝှမ်း ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံ ၉ နိုင်ငံ စာရင်းထဲ မြန်မာနိုင်ငံကို ထည့်သွင်းထား တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအထဲ နိုင်ငံအတော်များများကို အရေးယူ ဒဏ်ခတ်မှုစာရင်းကို လျှော့ပေါ့ပေးတာတွေ ရှိပေမယ့် မြန်မာ၊ ဆူဒန်နဲ့ ဆီးရီယားနိုင်ငံ သုံးနိုင်ငံကိုတော့ ဒဏ်ခတ်မှု လျှော့ပေါ့ပေးတဲ့စာရင်းထဲ ထည့်သွင်းမထားပါဘူး။

XS
SM
MD
LG