သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုဆဲ


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဆောင် နေပေမဲ့လည်း အရွယ်မရောက်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းတာတွေ ရှိနေတုန်းပဲလို့ ကလေးစစ်သား ပပျောက်ရေးလှုပ်ရှားမှု အဖွဲ့တခုရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ အရွယ်မရောက်သေး သူတွေကို လက်နက်ကိုင်တပ်တွေမှာ စုဆောင်း အသုံးပြုတာတွေ ပပျောက်စေရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား ပြီးခဲ့တဲ့နှစ် ဇွန်လထဲ သဘောတူညီချက် ရထားပေမဲ့ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေမှာ ကလေးစစ်သားတွေ ရှိနေဆဲ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် Child Soldiers International ကပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ မြန်မာစစ်တပ်ထဲက အရွယ်မရောက်သေးသူ ၄၂ ယောက်ကို တပ်က ထွက်ခွင့်ရခဲ့ပေမဲ့လည်း စစ်တပ်နဲ့ နယ်ခြားစောင့် တပ်တွေမှာ ကလေးစစ်သား စုဆောင်းတာတွေ မရှိအောင် ကျကျနန တားမြစ်နိုင်တာမျိုး မရှိသေးဘူးလို့ “ကလေးစစ်သား စုဆောင်း အသုံးပြုမှု အဆုံးသတ်ပြီး ပြောင်းလဲနိုင်တဲ့ အခွင့်အလမ်း”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ် ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ DKBA နဲ့ KNU တို့ရဲ့ လက်နက်ကိုင်တပ်တွေမှာ အရွယ်မရောက်သူတွေကို စစ်သားအဖြစ် စုဆောင်းတာမျိုး မလုပ်ဖို့ ဟန့်တားနိုင်တဲ့ အစီအမံတွေ အားနည်းနေတယ်လို့လည်း ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှုတချို့ တွေ့ရခဲ့ပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေကို အသုံးမပြုအောင် တားဆီးရေးကို သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဦးစားပေးအဖြစ် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း Child Soldiers International အဖွဲ့က တိုက်တွန်းထားပါတယ်။
XS
SM
MD
LG