သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ကလေးစစ်သားသုံးတဲ့ ငါးနိုင်ငံ အမေရိကန် စစ်ရေးအကူအညီ ဆိုင်းငံ့ထား


မြန်မာနိုင်ငံက ကလေးစစ်သားများ
မြန်မာနိုင်ငံက ကလေးစစ်သားများ
လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံ အပါအဝင် ၅ နိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေး အထောက်အပံ့တွေ ဆိုင်းငံ့ထားမယ်လို့ ကြာသပတေးနေ့က ကြေညာ လိုက်ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရဝမ်ဒါ၊ ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာ ၅ နိုင်ငံကို အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့တွေ ပိတ်ပင်တဲ့ ကြေညာချက်ဖြစ်ပါတယ်။

ကလေးစစ်သားစုဆောင်းနေတာကို ရပ်တန်းကရပ်အောင် တွန်းအားပေးတဲ့ အနေနဲ့ အခုလို စစ်ရေး အထောက်အကူတွေ မပေးဘဲ ပိတ်ပင်ရ တာဖြစ်တယ်လို့ အာဖရိကရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Linda Thomas-Greenfield ကပြောပါတယ်။

ကလေးစစ်သားအသုံးပြုနေကြတဲ့ တချို့နိုင်ငံတွေကိုတော့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အခြေအနေအရ ကင်းလွတ်ခွင့်ပေးထားရ တယ်လို့ အမည်မဖေါ်လိုသူတာဝန်ရှိသူ တယောက်က ပြောပါတယ်။ Chad, တောင်ဆူဒန်နဲ့ ယီမင်နိုင်ငံတွေကို ကင်းလွတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်လူကုန်ကူးမှုအစီရင်ခံစာကိုအခြေခံပြီး ကလေးစစ်သား အသုံးပြုမှုကို ဆန်းစစ်တာဖြစ်ပါတယ်။ ဇွန်လက အစီရင်ခံစာအရ ၁၀ နိုင်ငံမှာ ကလေးစစ်သား အသုံးပြုနေတယ်လို့ဆိုပါတယ်။ စစ်ရေးအထောက်အပံ့ပိတ်ပင်မှု ကင်းလွတ်ခွင့်ကို အိမ်ဖြူတော်က သာ ခွင့်ပြုရတာဖြစ်ပါတယ်။
XS
SM
MD
LG