သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ကလေးသူငယ် လူကုန်ကူးမှု ဆက်ဖြစ်နေဆဲ


Burma ACT ကွန်ယက်အဖွဲ့က ကမကထလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အခမ်းအနားကျင်းပ။
Burma ACT ကွန်ယက်အဖွဲ့က ကမကထလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အခမ်းအနားကျင်းပ။

ထိုင်း-မြန်မာနယ်စပ်မှာ ကလေးသူငယ်တွေကို အရောင်းအဝယ်လုပ်တာတွေ ပုံစံအမျိုးမျိုးနဲ့ ရှိနေတုန်းပဲလို့ ဒီကိစ္စ ပပျောက်ရေးအတွက်လုပ်နေတဲ့ အဖွဲ့ ၁၂ ဖွဲ့ပါ ကွန်ယက်တခုက ပြောလိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အရှေ့တောင်အာရှဒေသ ASEAN နိုင်ငံတချို့မှာ ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့ကို သတ်မှတ်ထားတာ ပါ။ ဒီ အထိမ်းအမှတ်နေ့ကို မြန်မာနိုင်ငံ ကလေးသူငယ် အရောင်းအဝယ်လုပ်မှု တိုက်ဖျက်ရေး ကွန်ယက်အဖွဲ့ (Burma ACT) က ကမကထလုပ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ဒီကနေ့ ကျင်းပကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေထဲမှာ အသက်မပြည်သေးတဲ့ကလေးသူငယ်တွေလည်းပါဝင်ကြတာပါ။ သူတို့တွေဟာ ထိုင်းနယ်စပ်ကနေ နည်းအမျိုးမျိုးနဲ့ လူကုန်ကူးခံနေရတယ်လို့ ကလေးအခွင်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ အဖွဲ့ ၁၂ ဖွဲ့ ပါဝင်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေး လုပ်ဆောင်နေတဲ့ ကွန်ယက်က တာဝန်ခံတဦးဖြစ်တဲ့ ကိုမင်းမင်းက မြန်မာနိုင်ငံကလာကြတဲ့ ကလေးတွေဟာ ထိုင်းနယ်စပ်မှာ ပုံစံအမျိုးမျိုးနဲ့ ရောင်းစားခံရမူတွေ ရှိနေစဲဖြစ်တယ်လို့ဆိုပါတယ်။

“ဒီဖက် နယ်စပ်မှာကတော့ ကလေးကူးသန်းရောင်းဝယ်မှုက ပုံစံအမျိုးမျိုးရှိတယ်။ ဒီ Phut Pra ဖက်မှာဆိုရင် ကျနော်တို့ မွေးကင်းစကလေးတွေ ၊ မွေးကင်းစကလေးတွေက အရောင်းခံနေရတယ်။ ရောင်းတဲ့ကိုယ်တိုင်က မိဘတွေကိုယ်တိုင်တချို့ကဖြစ်တယ်။ တချို့က သွေးသားတော်စပ်တဲ့သူတွေ ဦးလေးအဒေါ်တို့ရောင်းကြတယ်။ ရောင်းတဲ့လူတွေနဲ့ ပြန့်နေတယ်ပေါ့နော်။ ကလေးတယောက်ကို ၅၀၀၀ နဲ့ဝယ်ကြတယ်။ ဝယ်ပြီးလို့ရှိရင်သူတို့က သူတို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းတွေ သူတို့ရဲ့ စီးပွားရေး မှာအသုံးပြုကြတယ်။ ဒါက ရှိနေပြီပေါ။ ဒါက မဲဆောက်တပ်ခရိုင်မှာ။ နောက်တခုက ဘန်ကောက် ကိုကျတော့ သူတို့ အစုလိုက်အပြုံလိုက်ဝယ်ကြတာ သူတို့ ကလေးတွေကို ဝယ်ကြတယ်။ ဘန်ကောက် မှာပို့ပြီးတော့ ပန်းရောင်းခိုင်းတဲ့ဟာတွေ ၊ ဘုရားပွဲတွေမှာ တောင်းခိုင်းတဲ့ဟာတွေ ၊ လမ်းမတွေမှာတောင်းခိုင်းတဲ့ဟာတွေ သူတို့လုပ်ကြတယ်။ ဘန်ကောက်မှာဆိုရင် သူတို့ ပြန်ပြီးတော့ စီးပွားရေးအဖြစ် ပေါ့နော်။”

ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးလုပ်ဆောင်နေတဲ့ကွန်ယက်အနေနဲ့ ကလေးတွေဦးဆောင်ပြီး ကလေးကူသန်းရောင်းဝယ်မှုနဲ့ ပတ်သက်လို့ ပညာပေးလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၉ နှစ်ခန့် က စတင်လုပ်ဆောင်ခဲ့တာတွေရှိသလို နှစ်စဉ်ကလေးကူသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ ကိုလည်းအထိမ်းအမှတ်ပွဲတွေ ချီတက်လမ်းလျှောက်ပွဲတွေ ကိုလည်းလုပ်ခဲ့ကြတာပါ။

Burma ACT ကွန်ယက်အဖွဲ့က ကမကထလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အခမ်းအနားကျင်းပ။
Burma ACT ကွန်ယက်အဖွဲ့က ကမကထလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အခမ်းအနားကျင်းပ။

ကလေးတွေဟာ မြန်မာပြည်အတွင်းပိုင်းကနေလာကြပြီး တနေရာကနေ တနေရာ ရွှေ့ပြောင်းသွားလာရင်းကနေ ကလေးကူးသန်းရောင်းဝယ်မူတွေဖြစ်လာရတာလို့လည်း ဆိုပါတယ်။ ဒီအတွက်ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်းပြောပါတယ်။

“အဓိက ကတော့ ဒီကလေးကူးသန်းရောင်းဝယ်မှုက မြန်မာပြည်အတွင်းကနေ ဒီနယ်စပ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ် မဲဆောက်ကနေဖြတ်ပြီးတော့ ဒီထိုင်းနိုင်ငံအတွင်းပိုင်းအထိကို သွားကြတာများတယ်။ ဆိုတော့ နှစ်စဉ် ကလေး ကူးသန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးတော့ အချက်အလက်တွေ ၊ သတင်းတွေ နောက်ပြီးတော့ case တွေကို ကျနော်တို့ စုရတာပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့ ကလေးကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်အဖွဲ့အစည်းတွေကနေ စုပေါင်းပြီးတော့ ဒီ Network တွေ ဖွဲ့ပြီးတော့ နှစ်စဉ် အခမ်းအနားတွေ အစီအစဉ်တွေလုပ်ကြတာပေါ့။”

ထိုင်း-မြန်မာနယ်စပ်မှာတော့ မွေးကင်းစကလေး အရွယ်ကနေ အသက် ၁၈ နှစ်အရွယ်ကလေးတွေဟာ အခကြေးငွေနဲ့ ရောင်းစားနေကြတဲ့ဖြစ်ရပ်တွေရှိနေတာပါ။ ဆယ်ကျော်သက်ရွယ်အများစုကတော့ လုပ်ငန်းခွင်တွေ၊ ငါးဖမ်းလှေတွေပေါ်မှာကလေးလုပ်သားတွေအဖြစ် ရောင်းစားခံရမူတွေ လည်းရှိနေပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက ထိုင်းနိုင်ငံ တောင်းပိုင်းက ငါးဖမ်းလှေတွေပေါ်ကနေ လူကုန်ကူခံရသူတွေကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က ကယ်ဆယ်ခဲ့ရာမှာ အသက် မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။

ဒီနှစ်မှတော့ ကလေးကူသန်းရောင်းဝယ်မူပပျောက်ရေးနေ့ကို ထိုင်းနယ်စပ်မှာ အခမ်းနားလုပ်ပြီး ကျင်းပခဲ့ရာမှာ ထိုင်းနယ်ခြားစောင့်တပ်၊ထိုင်းလူဝင်မူကြီးကြပ်ရေးဌာန၊ လူမှုဖူလုံရေးဌာန၊မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းများ၊ကရင်ပြည်နယ် မြဝတီခရိုင်NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တာခ်ခရိုင်တွင်းမှာရှိတဲ့ရွှေ့ပြောင်းစာသင်ကျောင်းများ က ကျောင်းသူ၊ကျောင်းသား များနဲ့ ဆရာ၊ ဆရာမများ အစိုရမဟုတ်တဲ့ NGOs အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ထိုင်းအုပ်ချုပ်ရေးဌာနဆိုင်ရာ အဖွဲ့တွေကတော့ ကလေးသူငယ်တွေ လူကုန်ခံရရင် သူတို့ကိုတိုင်ကြားဖို့နဲ့ အကူညီပေးမဲ့အကြောင်း ပြောဆိုသွားကြပါတယ်။

XS
SM
MD
LG