သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်း ကြားစခန်းဆူပူမှု မြန်မာ အလုပ်သမားတွေ နှစ်ရှည်ထောင်ဒဏ်ကျ


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ ၂၂ မိုင်ခန့်အကွာ၊ အမ်းတောင်အုပ်စု၊ တောင်စောက်ရွာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာ အလုပ်သမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ချင်းတိုင်းရင်းသား၊ မြန်မာအလုပ်သမား ၁၇ ယောက်ကို မီးရှို့မှု၊ ဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထောင်ဒဏ် ၆ နှစ်ကနေ ဆယ်နှစ်အထိ စီရင်ချက်အသီးသီးချခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း ဦးစီးအရာရှိတဦးက တရားလိုပြုပြီး သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မီးလောင် ပျက်စီးသွားတယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအလုပ်သမားတွေကို မီးရှို့မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခဲ့ပြီး ပြီးခဲ့တဲ့ရက်ကပဲ အနိမ့်ဆုံး ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တာပါ။ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်အပြီး ခဲတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေဟာ မီးရှို့တာမျိုး မရှိခဲ့သလို စစ်ဆေးချိန်မှာ ညှင်းပမ်းနှိပ်စက်ပြီး ခြိမ်းခြောက်ထွက်ဆိုခိုင်းခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်မှုဟာ တရားမျှတမှု မရှိဘူးလို့ သူတို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ဆိုပါတယ်။

“ရိုက်နှက်ညှင်းဆဲပြီးတော့ ကျနော်တို့ကို အတင်း ဝန်ခံခိုင်းပါတယ်-တဲ့။ ဓာတ်မီးခြစ်တွေ၊ ဘာတွေ-- မီခြစ် ပေးရတယ်၊ ပြုရတယ်ဆိုပြီး ကျနော်တို့ကို လုပ်ခိုင်းပါတယ်ဆိုပြီး သူတို့က အဲလိုကို ထွက်တာ။ ဆီတွေထားတဲ့ ဝင်းထရံဟာ လုံခြုံရေးကာထားတယ်၊ သော့လည်း ပိတ်ထားတယ်ပေါ့နော်၊ အဲဒီနေရာမှာဝန်းလည်း ခတ်ထားတယ်။ အဲဒီဝင်းကို ချိုးဖောက်ပြီးတော့ ဆီတွေကို ပတ်ထားတဲ့ ဂိုဒေါင်ကို ဖွင့်ပြီးတော့ မီးရှို့တယ်ဆိုတာတော့ သိပ်တော့ သဘာဝမကျဘူးပေါ့နော။ အမှန်တကယ် ရန်ဖြစ်လို့ အဆောက်အဦးကို ခဲနဲ့ပေါက်တာ၊ ပျက်စီးမှုဖြစ်တာကို ကျနော်တို့လက်ခံပါတယ်။ ဒါကို ကျနော် မငြင်းပါဘူး။ ကျနော် တရားလိုကို စစ်ကတည်းက။ ဒါပေမယ့် ဒီဆီတိုင်ကီကြီးတွေကို မီးရှို့တဲ့အဆင့် ဖြစ်လာတာကတော့ ဒီလူတွေ ဟုတ်ပါတယ်လို့ ဘယ်သူ ဘယ်ဝါမှ လက်ညှိုး တိတိကျကျထိုး ပြောနိုင်တာ မရှိပါဘူး။ ရဲမှာ ရိုက်စစ်လို့ ပေါ်တဲ့ ဖြောင့်ချက်နဲ့ သူတို့ကို ပြစ်ဒဏ် စီရင်တယ်လို့ပဲ ကျနော် မြင်ပါတယ်။”

တရားရုံးအနေနဲ့လည်း အစိုးရနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အမူနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်တာမျိုးတွေ အားနည်းခဲ့သလို မမျှတာမျိုးတွေလည်းတွေ့ရကြောင်း ပြောပါတယ်။

“ဒီတရားရုံးတွေဘက်ကလည်း တရုတ်ကုမ္ပဏီက လာကြည့်တယ်၊ သံရုံးတွေကပဲ လာကြည့်တော့ မလိုလို၊ လာကြည့်မယ်ဆိုတဲ့ - အမိန့်ချမယ့်နေ့ လာမယ်ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်ပေါ့။ တရားရုံးတွေကိုယ်နှိုက်ကလည်း ဒါတွေက အစိုးရနဲ့ ပတ်သက်နေတယ်ဆိုတော့ သူက ချနိုင်သလောက် ချမယ်ဆိုတဲ့သဘောမျိုးနဲ့ အကုန်ချပစ်တာပါပဲ။ မစင်ရေနဲ့ပက်၊ ဘာနဲ့ပက်တယ်၊ တရုတ်အလုပ်သမားတွေရဲ့ တုံ့ပြန်မှုကို တရားရုံးက ဘာမှ ထည့်သွင်းစဉ်းစားခြင်း မရှိဘူးပေါ့လေ။ ဒါတွေဟာ အစိုးရနဲ့ ပူးပေါင်းလုပ်တဲ့လုပ်ငန်းအပေါ်မှာ ဖျက်လိုဖျက်ဆီး လုပ်တယ်ဆိုတဲ့သဘောမျိုးနဲ့ ပြစ်ဒဏ်တွေကို ချမှတ်တယ်လို့ပဲ ကျနော် အဲလိုပဲမြင်ပါတယ်။”

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကတော့ တဆောင်ထဲအတူနေ တရုတ်အလုပ်သမားတွေက မြန်မာအလုပ်သမားတွေကို မစင်ရေနဲ့ ပက်ရာကနေ စကားများ ရန်ဖြစ်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရန်ဖြစ်တဲ့အဆောင်နဲ့ အနည်းငယ်လှမ်းတဲ့ ခြံစည်းရိုးခတ်ပြီး သော့ပိတ်ထားတဲ့ စီမံကိန်းသုံး အဆောင်တခု မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ ချင်းတိုင်းရင်းသား၊ မြန်မာအလုပ်သမားတွေကျူးလွန်ခဲ့တာလို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ မီးရှို့မှုနဲ့ ပတ်သက်လို့ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေဘက်တော့ သူတို့ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားတာပါ။

မီးလောင်မှုအတွင်း ကွန်ပြူတာတွေ၊ မီးခံသေတ္တာတွေ၊ ဓာတ်ဆီသိုလှောင်ကန်တွေ၊ စက်ပစ္စည်းတွေ ကာလတန်ဖိုး သိန်း ၁၆၀၀ ကျော်ဖိုး နစ်နာမှုရှိတယ်လို့ တရားလိုဘက်က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဖမ်းဆီးခံရတဲ့ အလုပ်သမား ၁၇ ဦးထဲမှာ အသက် ၁၇ နှစ်ကနေ ၃၂ ကြား လူငယ်တွေဖြစ်ကြပြီး မကွေးတိုင်း၊ ငဖဲရွာကဖြစ်ကြကြောင်း ဆိုပါတယ်။

တရုတ်နိုင်င်က CNPC လိုခေါ်တဲ့ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ အမေရိကန် ဒေါ်လာသန်းပေါင်း များစွာ အကုန်ခံ ဆောက်လုပ်နေတဲ့စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG