သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CNF နဲ့ ပြည်ထောင်စုအစိုးရ သဘောတူချက်အချို့ ရရှိ


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ချင်းအမျိုးသားတပ်ဦး တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (ဒီဇင်ဘာလ ၉ ရက်၊ ၂၀၁၂)။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ချင်းအမျိုးသားတပ်ဦး တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (ဒီဇင်ဘာလ ၉ ရက်၊ ၂၀၁၂)။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တရပ်ကို ဒီကနေ့ ရန်ကုန်မြို့မှာ နှစ်ဘက် လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ တတိယအကြိမ် ပြုလုပ်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ချင်းအမျိုးသား တပ်ဦးတို့အကြား သုံးရက်ကြာ ရန်ကုန်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုအောင်ရဲမောင်မောင်ရေ… ဒီကနေ့ ရန်ကုန်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး တို့ ဆွေးနွေးပွဲလုပ်တယ်လို့ ကြားပါတယ်ခင်ဗျ။ အဲဒါ နောက်ဆုံး အခြေအနေ ဘာများသိထားလဲ။ -

“ဟုတ်ကဲ့ ကိုသားညွှန့်ဦးရေ… ကျနော် ဒီနေ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့တို့ တွေ့တဲ့ပွဲကို ကျနော် ရောက်ဖြစ်တယ်ဗျ။ သူတို့ ဒီနေ့ CNF ဘက်ကနေပြီးတော့ တင်ပြတဲ့ အချက် ၃၁ ချက် ရှိတယ်ဗျ။ အဲဒါကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ၂၇ ချက်ကို သဘောတူပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ရှိတယ်ဗျ။ ပြီးတော့ နောက်ထပ် ဘယ်နေ့ တွေ့မယ် ဆိုတာတော့ မသတ်မှတ်ရသေးပေမဲ့ အခု လက်မှတ်ထိုးထားတဲ့ ကိစ္စတွေကို လွှတ်တော်ကို သူတို့အနေနဲ့ တင်ပြပြီးတော့ မှတ်တမ်းတင်ဖို့ ကိစ္စတွေလည်း ဆက်လက် လုပ်ဆောင်မယ်လို့ ပြည်ထောင်စု ဝန်ကြီးတပါးဖြစ်တဲ့ သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ပြောတယ်ဗျ။”

နောက်တချက်က အခု သူတို့ ဆွေးနွေးတဲ့အထဲမှာ အသေးစိတ် အဓိက အချက်တွေက ဘာတွေများ ဆွေးနွေးကြလဲ။ ခုနက သဘောတူခဲ့တယ် ဆိုတာကလည်း ဘယ်အချက်တွေ ပါထားလဲ။ အဓိကအချက်ပေါ့။ -

“ဟုတ်ကဲ့ခင်ဗျ။ အဓိက ဆွေးနွေးဖြစ်တဲ့အထဲမှာ သူတို့ပြည်နယ်ရဲ့ အရင်တုန်း ဖြစ်ခဲ့တဲ့ သူတို့ကို မတရားအသင်း သတ်မှတ်ထားတဲ့ ကိစ္စကို ပယ်ဖျက်ပေးဖို့ အဓိက ဆွေးနွေးဖြစ်တယ်ခင်ဗျ။ အဲဒါကိုလည်း အစိုးရဘက်ကနေပြီးတော့ အစိုးရ အာဏာပိုင်တွေ ဘက်ကနေပြီးတော့ ဒါကိုလည်း လက်ခံတယ်ဗျ။ နောက်ပြီးတော့ ချင်းအမျိုးသားနေ့ နဲ့ ချင်းပြည်နယ်နေ့ သတ်မှတ်ရေး ကိစ္စတွေကိုလည်း ဒီနေ့မှာ ဆွေးနွေး ဖြစ်တယ်ဗျ။ အဲဒီကိစ္စတွေကို ဝန်ကြီး ဦးဝင်းထွန်းက အခုလို ပြောခဲ့ပါတယ်။”

ဦးဝင်းထွန်း။ ။ “ဒီ ညှိနှိုင်း ဆွေးနွေးပွဲမှာ အဓိက ပါဝင်တဲ့အချက်တွေ ကတော့ဖြင့် ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်များ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြ ပါတယ်။ နောက်… နှစ်ဘက်တပ်များဆိုင်ရာ ကိစ္စရပ်များလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်များမှာလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားများ အရေးနဲ့ ပတ်သက်လို့ အဓိကကျတဲ့ အချက်ကြီး နှစ်ရပ်ကတော့ဖြင့် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သတ်မှတ်ပြီးတော့ ကျင်းပပြုလုပ်ဖို့နဲ့ ချင်းပြည်နယ်နေ့ ကိုတော့ဖြင့် ပြည်နယ်အဆင့် သတ်မှတ်ခြင်းခံရတဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ ဆိုပြီးတော့ သတ်မှတ်ဖို့ နှစ်ဘက် သဘောတူညီမှု ရခဲ့ပါတယ်။”

“ဒါကတော့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း ပြောခဲ့တာဖြစ်ပါတယ်ခင်ဗျ။”

ကိုအောင်ရဲမောင်မောင်ရေ… အခု သူတို့ လက်မှတ် ထိုးကြပြီဆိုတော့ တပ်နေရာ ချထားရေးကိစ္စ တို့၊ နှစ်ဘက် ရှေ့ဆက်ပြီးတော့ ဘာတွေလုပ်မလဲ အသေးစိတ်ပေါ့နော်။ ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေ သိထားလဲ။ -

“ဟုတ်ကဲ့၊ ကိုသားညွှန့်ဦးရေ…. သူတို့ တပ်တွေ ကိစ္စကိုလည်း ဆွေးနွေးတယ်ခင်ဗျ။ ဆွေးနွေးတဲ့အခါ အဓိက ဘာတွေ ဆွေးနွေးဖြစ်လဲ ဆိုတော့ နှစ်ဘက် စစ်တပ်ဘက်က အာဏာပိုင် ဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူတွေလည်း တက်ရောက်တယ်ဗျ။ နောက်ပြီးတော့ CNF ဘက်က CNF အောက်က ရှိတဲ့ တပ်မတော်ပေါ့၊ ချင်းအမျိုးသားတပ်မတော် CNA ကလည်း ဗိုလ်မှူးကြီးတွေလည်း တက်ရောက်တယ်ဗျ။ အဲဒီလို တက်ရောက်တဲ့အခါမှာ ဒေသနှစ်ခုကြားမှာရှိတဲ့ နယ်နိမိတ်တွေမှာ သူတို့ှနှစ်ဘက်က စစ်တပ်တွေ ထားရှိဖို့ ကိစ္စပေါ့။ အဲဒီကိစ္စကို သူတို့ ဆွေးနွေးတယ်ဗျ။ ဘယ်နေရာတွေမှာ ဘယ်စစ်တပ်တွေကို ဘယ်လို ထားရှိမယ် ဆိုတဲ့ကိစ္စ ဆွေးနွေး တယ်။ နောက်တချက်ကကျတော့ တပ်တွေ စစ်ရေး လေ့ကျင့်တဲ့ ကိစ္စပဲဖြစ်ဖြစ်၊ တပ်တွေ တနေရာကနေ တနေရာ ရွှေ့ပြောင်းတာပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလို လုပ်မယ်ဆိုရင် တဦးနဲ့တဦးကြားမှာ ကြိုတင်ပြီးတော့ အကြောင်းကြားပေးဖို့ပေါ့၊ အဲဒါတွေလည်း ဆွေးနွေးတယ်ဗျ။ သူတို့အနေနဲ့ တိုက်ပွဲတွေ မဖြစ်တော့တာကတော့ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက၊ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးကတည်းက သူတို့အနေနဲ့ ဒေသတွင်းမှာ တိုက်ပွဲတွေ လုံး၀ မဖြစ်ဘူးလို့တော့ သိရတယ်ခင်ဗျ။ နောက်ပိုင်း ဖြစ်လာမယ့် အခြေအနေကတော့ သူတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ရပြီးရင်တော့ လုံး၀ နှစ်ဘက်တပ်တွေကြားမှာ အပြည့်အ၀ နားလည်မှု ရရှိသွားနိုင် တယ်လို့လည်း ဒီနေ့ သူတို့ ချင်းအမျိုးသား တပ်ဦး ဘက်က ပြောတယ်ဗျ။”

ဒီ နှစ်ဘက် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်သူတွေ အဓိက ဦိးဆောင်ပြီးတော့ တက်ရောက်ခဲ့ကြလဲ။ တခြား ဘယ်သူတွေရော တက်ရောက်တာ ရှိလဲ။ -

“ဟုတ်ကဲ့ခင်ဗျ။ အဓိက ဒီနေ့ ဆွေးနွေးပွဲကို အရင်ကနဲ့ မတူဘဲ ထူးခြားတာလေး တခု လုပ်ထားတယ်ခင်ဗျ။ သူတို့အနေနဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင်တွေနဲ့ ချင်းအမျိုးသား တပ်ဦး နှစ်ဘက်တင်မကဘူးပေါ့။ ဆွေးနွေးပွဲကို observer လေ့လာသူတွေ အနေနဲ့ တက်ရောက်ခွင့် ပေးတာလည်း ရှိတယ်ဗျ။ နိုင်ငံရေးပါတီတွေဘက်က ဆိုရင် NDF ပါတီက ဦးခင်မောင်ဆွေ တက်ရောက်လာတာကို တွေ့တယ်ဗျ။ ဒိမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဦးမျိုးညွှန့် တို့လို လူတွေလည်း တက်ရောက်တာ တွေ့တယ်ဗျ။ နောက်ပြီးတော့ သူတို့ နိုင်ငံခြားသားတွေ ကိုလည်း ဖိတ်ထားတယ်ခင်ဗျ။ British Council က နိုင်ငံခြားသားတွေလိုမျိုး၊ တခြား ပြည်ပက ဝင်ရောက်လာတဲ့ သတင်းစာ ဆရာတွေလည်း ရှိတယ်ဗျ။ သူတို့တွေကိုလည်း ဖိတ်ကြား ထားတာ တွေ့ရတယ်ခင်ဗျ။ ဒီနေ့ကတော့ observer တွေလည်း တက်ရောက်ခွင့် ပေးထား သလို မြန်မာငြိမ်းချမ်းရေး စင်တာမှာ လုပ်ဆောင်ခဲ့တဲ့ ကိုအောင်နိုင်ဦး တို့လို လူတွေလည်း တက်ရောက်တာ တွေ့ရတယ်ခင်ဗျ။”
XS
SM
MD
LG