သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ NLD အများစု အနိုင်ရ


 ဒေါ်အောင်ဆန်းစုကြည်ကို ချင်းရိုးရာဝတ်စုံ လက်ဆောင်ပေးစဉ်။ (စက်တင်ဘာ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ကို ချင်းရိုးရာဝတ်စုံ လက်ဆောင်ပေးစဉ်။ (စက်တင်ဘာ ၂၀၁၂)

လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး သဘာဝဘေးအန္တရာယ်တွေ နဲ့ တွေ့ကြုံခဲ့တဲ့ ချင်းပြည်နယ်အတွင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ကိုယ်စားလှယ်(၈၀) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တယ်လို့ ပြည်နယ်ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ယခင်အာဏာရ ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဇီုမီးဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ကိုယ်စားလှယ်နေရာ (၆)နေရာမှာ အနိုင်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ချင်းပြည်နယ် ရွေးကောက်ပွဲ ရလဒ် အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း ထားပြီး အခုလို သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကိုယ်စားလှယ်နေရာ (၈၀)ရာခိုင်နှုန်းလောက် အနိုင်ရရှိခဲ့တယ်လို့ ချင်းပြည်နယ်NLD ဥက္ကဋ္ဌ ဦးဇီုဘွဲက အခုလိုပြောပါတယ်။

" အခုကျနော်တို့က ၈၀%လောက် အောင်မြင်မှုရခဲ့ပါတယ်။ ပြည်သူလွှတ်တော် ၉ယောက်ထဲမှာ ၈ယောက်ရတယ်။ ပြည်သူ့လွှတ်တော်က တယောက်က သူရအောင်ကိုက ရသွားတယ်။ တယောက်ပဲ ကျနော်တို့ နာတယ်နော်။ အမျိုးသားလွှတ်တော်မှာ ၁၀ယောက် ရတယ်။ ပြည်ထောင်စုလွှတ်တော် ၁၈ယာက်ထဲမှာ ကျနော်တို့ NLD က ၁၂ ယောက် ရတယ်။ "

ချင်းပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဇီုမီးဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ (၆)နေရာလောက် အနိုင်ရရှိခဲ့ပြီး ရွေး ကောက်ပွဲအလွန် ကာလမှာ မဟာမိတ် ပါတီဖြစ်တဲ့ NLDပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ပူးကျင့်ရှင့် ထန် က ဆိုပါတယ်။

" ကျနော်တို့ သိရသလောက်ဆိုရင် ခြောက်ယောက်က အရွေးခံပြီး ပေါင်းမယ်။ အမျိုးသားလွှတ်တော်မှာ ၂ယောက်၊ ပြည်သူ့လွှတ်တော်မှာ ၂ ယောက်၊ နောက် ပြည်နယ်လွှတ်တော်မှာ ၂ယောက်၊ အဲ့လိုပဲ နှစ်ယောက်၊ နှစ်ယောက်စီပဲ။ ကျနော်တို့က မဟာမိတ်ဖြစ်ပြီးသားဆိုတော့ NLD နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ့်သဘောရှိပါတယ်။"

အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ အခုရွေးကောက်ပွဲမှာ နေရာ(၆)နေရာ အနိုင်ရရှိခဲ့တယ်လို့ ပြည်နယ်ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်တဦးလဲဖြစ် ချင်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးတဦးလဲဖြစ်တဲ့ ဦးနန်ဇမုန်ကပြောပါတယ်။

"ထန်တလန်မှာတော့ ပြည်နယ် နှစ်ဦးပေါ့။ ကန်ပက်လက်မှာ ကျတော့ ပြည်နယ် တယောက်နဲ့ ပြည်သူ့လွှတ်တော် တယောက်ဖြစ်မယ်။ ပြည်နယ် ကိုယ်စားလှယ်က လေးယောက်ပါ။ အမျိုးသားမှာ တယောက်။ ပြည်သူ့လွှတ်တော်မှာ တယောက်။ "

၂၀၁၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ အများအပြားအနိုင်ရရှိထားပေမဲ့ ဒီရွေးကောက်ပွဲမှာ ဘာကြောင့်ကိုယ်စား လှယ်နေရာ လျော့ကျ သွားသလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ချင်းပြည်နယ်အတွင်း ရခိုင်လူမျိုးတွေ အများအပြားနေထိုင်တဲ့ ပလက်ဝမြို့နယ်မှာ ရခိုင်အမျိုးသားပါတီကနေ အမျိုး သားလွှတ်တော် ကိုယ်စားလှယ်နှစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်အားကြီးချင်းပါတီတွေဖြစ်တဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနဲ့ ချင်းပြည်သူ့ပါတီတို့အနေနဲ့ အခု ရွေးကောက်ပွဲမှာ တနေရာမှ အနိုင်ရရှိတာ မရှိခဲ့ပါဘူး။

ချင်းနိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ရွေးကောက်ပွဲအကြိုကာလအတွင်း ပြည်နယ်အစိုးရဖွဲ့စည်းနိုင်အောင်ကြိုးပမ်း သွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အာဏာရပါတီအဖြစ် ပြည်နယ်အစိုးရဖွဲ့စည်းရာမှာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကို လက်တွဲခေါ်ဆောင်သွား မဲ့ အခြေအနေရှိမရှိကိုတော့ ချင်းပြည်နယ်NLDဥက္ကဋ္ဌ ဦးဇီုဘွဲက အခုလိုပြောပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ် တပါတီတည်းက အစိုးရ မဖွဲ့နိုင်ဘူးဆိုရင်တော့ တခြား မဟာမိတ်တွေလည်း ခေါ်ရမှာပေါ့။ အခုက ကိုယ့်ပါတီတခုတည်းနဲ့ အစိုးရဖွဲ့နိုင်တယ်ဆိုတော့ တခြားပါတီနဲ့တော့ မစဉ်းစားလောက်ဘူးလို့တော့ ရှိတယ်။ ကျနော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပေါ်လစီပေါ်မှာပဲ သုံးသပ်ချက်အပေါ် မူတည်ပြီးတော့ ကျျနော်တို့ စိစစ်သွားဖို့ အစီအစဉ်ရှိပါတယ်။ "

ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူးကျင့်ရှင့်ထန်အနေနဲ့ လက်ရှိမဲစာရင်းထုတ်ပြန်နေဆဲ အခြေအနေကြောင့် NLD အနေနဲ့ မဆုံးဖြတ်နိုင်သေးသလို နောင်ရွေးကောက်ပွဲ အလွန်ကာလတွေမှာ ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ကိစ္စအတွက် ဆွေးနွေးသွားမယ်လို့ ယူဆကြောင်းအခုလိုပြောပါတယ်။

" အခုမှ ရွေးကောက်ပွဲ ပြီးတယ်ဆိုတော့ ဒါတွေ ကြိုပြီးတော့ ကြိုးစားထားတာတော့ မရှိပါဘူး။ နောက် အခြေအနေအရ စဉ်းစားသွားမှာပါ။ အခုဟာက မဲစာရင်းကို ကြေညာတာလောက်ပဲ ရှိသေးတယ်။ ကျနော်တို့က အစိုးရ ဖွဲ့စည်းဖို့ကျတော့ အဲ့ဒီ့အခါကျတော့ အခြေအနေအရ လုပ်ကြမယ်ထင်တယ်။"

ချင်းပြည်နယ်ဟာ သဘာဝဘေးအန္တရာယ်ကို ဆိုးဝါးစွာခံနေခဲ့ရသလို သွားလာရေး ခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ် ဆိုပေမဲ့ အခုကျင်းပတဲ့ရွေးကောက်ပွဲမှာ တည်ငြိမ်းအေးချမ်းစွာနဲ့ ကျင်းပနိုင်ခဲ့တာပါ။

ချင်းပြည်နယ်အတွင်း နိုဝင်ဘာ(၈)ရက်နေ့ကကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ NLDခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေး ပါ တီ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ(၁၃)ဖွဲ့က ကိုယ်စားလှယ်လောင်း(၂၀၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒီအထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်(၈၀)ရာခိုင်နှုန်းကျော် အနိုင်ရရှိသွားတာလဲဖြစ်ပါ တယ်။

XS
SM
MD
LG