သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လေယာဉ်တင် သင်္ဘောစမ်းသပ်လေ့ကျင့်မှုတွေ အောင်မြင် ပြီးဆုံး


တရုတ်လေယာဉ်တင်သင်္ဘော Liaoning
တရုတ်လေယာဉ်တင်သင်္ဘော Liaoning
တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကြီး လိုင်အိုနင် (Liaoning) ဟာ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက် မူလဆိပ်ကမ်းကို ပြန်သွားပြီဖြစ်ပါတယ်။

တရုတ်ရဲ့ရေတပ်အင်အား ကြီးမားလာမှုကို အများက စိုးရိမ်နေချိန်မှာပဲ ပြီးခဲ့တဲ့နှစ်မှာပြုပြင်ပြီးစီးခဲ့တဲ့ လိုင်အိုနင်သင်္ဘောကြီးနဲ့ ပထမဆုံး ခရီးအဝေးဆုံး စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီသင်္ဘောဟာ ပြုပြင်မွန်းမံထားတဲ့ ဆိုဗီယက်လုပ် သင်္ဘောဖြစ်ပြီး တိုက်ခိုက်ရေးဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့သလို လေ့ကျင့်မှုတွေပါ လုပ်ဆောင်ခဲ့တာလို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

၃၇ ရက်ကြာ သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း သတ်မှတ်ထားတဲ့ လေ့ကျင့်မှုတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို စမ်းသပ်မှုတွေကလည်း စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ရေတပ်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖေါ်ပြထားတာပါ။

လိုင်အိုနင်သင်္ဘောကြီးရဲ့ ကက်ပတိန် Zhang Zheng ကလည်း သူတို့ဟာ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ သိပ္ပံဆိုင်ရာ သုတေသနတွေ လုပ်ရင်း လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်မှုတွေနဲ့ အတူ လေ့ကျင့်မှုနဲ့ စမ်းသပ်မှုမျိုးစုံလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

လိုင်အိုနင် သင်္ဘောကို လေကြောင်းကရော ရေကြောင်းက စစ်သင်္ဘောတွေ ရေငုတ်သင်္ဘောတွေခြံရံပြီး စမ်းသပ်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့တုန်းကတော့ ခြံရံပြီးလိုက်ပါလာတဲ့ တရုတ်စစ်သင်္ဘောတစင်းနဲ့ အမေရိကန် ရေတပ်က USS Cowpens တို့ တိုက်မိမလို ဖြစ်ပွါးခဲ့ပေမယ့် အမေရိကန်ဘက်က အမြန်ရှောင်ပေးခဲ့ရတယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။
XS
SM
MD
LG