သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ၆-ပွင့်ဆိုင် ဆွေးနွေးပွဲပြန်စဖို့ တရုတ်တောင်းဆို


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြောက်ကိုရီးယား (၆) ပွင့်ဆိုင်ဆွေးနွေးပွဲပြန်စရေးတောင်းဆို (စက်တင်ဘာ ၁၉၊ ၂၀၁၅)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြောက်ကိုရီးယား (၆) ပွင့်ဆိုင်ဆွေးနွေးပွဲပြန်စရေးတောင်းဆို (စက်တင်ဘာ ၁၉၊ ၂၀၁၅)

အချိန်အတော်ကြာ ရပ်ဆိုင်းနေတဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေကို ပြန်စဖို့အတွက် မြောက်ကိုရီးယားမှာ နျူကလီယားလက်နက် ကင်းရှင်းရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ နိုင်ငံတွေအားလုံးကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

တာဝန်သိတဲ့အပြုအမူတွေနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှဒေသမှာ တင်းမာမှုတွေ ပိုဆိုးကြီးထွားလာနိုင်တဲ့ လုပ်ရပ်မှန်သမျှကို ရှောင်ကြဉ်ကြဖို့ကို ဆွေးနွေးပွဲမှာပါဝင်တဲ့ နိုင်ငံတွေအားလုံးကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) က ဘေဂျင်းက ပညာရှင် ညီလာခံတခုမှာ တောင်းဆိုခဲ့ပါတယ်။

ဒီညီလာခံကိုတော့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားလက်နက်အားလုံး ဖယ်ရှားရေး မြောက်ကိုရီးယားနဲ့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ အင်အားကြီး ၅ နိုင်ငံတို့အကြား ပူးတွဲသဘောတူညီမှုတခု ရရှိခဲ့တဲ့ ၁၀ နှစ်ပြည့် အထိမ်း အမှတ်အတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အင်အားကြီး ၅ နိုင်ငံကနေ မြောက်ကိုရီးယားကို စွမ်းအင်အကူအညီ ပေးအပ်ဖို့ အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားဘက်က သူတို့ရဲ့ နျူကလီယားအစီအစဉ်ကို စွန့်လွှတ်ဖို့ သဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စေ့စပ်ညှိနှိုင်းမှုတွေအရ စမ်းသပ်စစ်ဆေးမှုတွေကို မြောက်ကိုရီးယားက ခွင့်ပြုဖို့ ငြင်းဆန်ခဲ့ပြီး ဒီသဘောတူညီချက်ကို ပယ်ဖျက် ကြောင်း ကြေညာခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစလို့ သဘောတူညီချက်လည်း ပျက်ပြားသွားပါတယ်။ အဲဒီအချိန်ကစလို့ နျူကလီယား စမ်းသပ်မှု ၃ ကြိမ် လုပ်ပြခဲ့ပြီး နောက်ဆုံးစမ်းသပ်မှုက ၂၀၁၃ ခုနှစ်မှာ လုပ်ခဲ့သလို မကြာသေးခင်ကလည်း ယောင်ဗြွန်းမှာရှိတဲ့ သူတို့ရဲ့အဓိက နျူကလီယားစက်ရုံမှာ လုပ်ငန်းတွေကို ပြန်လည်စတင်နေပြီဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့တာပါ။ ဒါဟာ မြောက် ကိုရီးယားရဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် နောက်လထဲမှာ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်ဖို့ စီစဉ်ထားတယ်လို့လည်း မြောက်ကိုရီးယားက အရိပ်အမြွက် ပြောဆိုထားပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကတော့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ဆန့်ကျင်ကြောင်း မြောက်ကိုရီးယားကို သတိပေးခဲ့ပြီး ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေ မလုပ်ရဘူးလို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်နိုင် တယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG