သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဒီမိုကရေစီကို တရုတ်ပုံတူကူးမည်မဟုတ်


တရုတ်သမ္မတ Hu Jintao
တရုတ်သမ္မတ Hu Jintao
တရုတ်သမ္မတ ဟူဂျင်တောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ အုပ်ချုပ်ရေး စနစ်ကောင်းမွန်အောင် ပြုပြင်ဖို့ ၊ တိုင်းပြည်မပြိုကွဲအောင် ထိန်းသိမ်းဖို့ စီးပွားရေးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ မစ္စတာ ဟူဟာ ခေါင်းဆောင်သစ်တွေရွေးချယ်မယ့် ပါတီကွန်ဂရက်မှာ ကြာသာပတေးနေ့က လမ်းညွှန်မိန့်ခွန်းတရပ်ပြောကြားခဲ့တာပါ။ နိုင်ငံတနံတလျှားက ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောကြားရမှာ ၊ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးစနစ် ခေတ်မှီရေးကြိုးပမ်းဖို့ ၊ တရုတ်နိုင်ငံကို ရေတပ်အင်အားကြီးနိုင်ငံတခုအဖြစ် တည်ဆောက်ဖို့ သမ္မတက ပြောကြားသွားပါတယ်။

ဒါပေမယ့် သူတို့နိုင်ငံဟာ ငြိမ်းချမ်းတဲ့နိုင်ငံခြားရေးဝါဒကိုသာ ဆက်လက်ဖော်ဆောင်သွားမယ်ဆိုတာကို အခိုင်အမာပြောကြားသွားပါတယ်။ တရုတ်ပြည်မကြီး နဲ့ ထိုင်ဝမ်တို့ဟာ စစ်ဘက်လုံခြုံရေး ယုံကြည်မှုတည်ဆောက်ဖို့ နဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတရပ်ရရှိအောင် ဆွေးနွေးဖို့ ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးလှုပ်ရှားမှု ဟူသမျှကို ဆန့်ကျင်ဖို့လည်း ပြောကြားသွားပါတယ်။

ထိုင်ဝမ်ကျွန်းဟာ နှစ်ပေါင်း ၆၀ ကျော် သီးခြားတည်ရှိနေခဲ့တာဖြစ်ပေမယ့်၊ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသတခုသာဖြစ်တယ်လို့ ယူဆထားတာပါ။ ကွန်မြူနစ်ပါတီရဲ့ အနာဂတ်ရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံရေးစနစ်ကို လူတိုင်းပါဝင်နိုင်တဲ့ ဒီမိုကရေစီပုံစံမျိုးဖော်ဆောင်မှာဖြစ်ပေမယ့် ၊ အနောက်တိုင်းပုံစံတွေကိုတော့ ပုံတူကူးချလိမ့်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ရက်သတ္တ တပတ်ကြာပြုလုပ်တဲ့ ဒီညီလာခံမှာ ရာထူးက နှုတ်ထွက်မယ့် ဟူဂျင်တောင်းနေရာမှာ ဒုသမ္မတ ရှီကျင်းပင်းက ဆက်ခံပြီး မတ်လမှာ စတင်တာဝန်ထမ်းဆောင်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG