သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတသစ် ရှီကျင့်ပင် တင်မြှောက်


China Congress
China Congress
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က ရှီကျင်းပင်းကို တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ်နဲ့ မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းစတင်လုပ်ဆောင်ခဲ့ပြီး ဆယ်စုနှစ်တခုအတွင်း ပထမဆုံးကြုံရတဲ့ ခေါင်းဆောင်မှုအပြောင်းအလဲကို တရုတ်နိုင်ငံဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားအတွင်း အပြီးသတ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မစ္စတာရှီကျင်းပင်း နဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ ခေါင်းဆောင်ပိုင်းက တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့လည်း မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗီအိုအေသတင်းထောက် William Ide ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ်သမ္မတရာထူးနေရာကို ရှီကျင်းပင်းကို ရွေးချယ်လိုက်တာကို တရုတ်အမျိုးသားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နာရီပိုင်းအတွင်းမှာပဲ ထောက်ခံမဲပေးခဲ့ကြပါတယ်။ အဲဒီလိုမဲပေးခဲ့တာမှာ ကန့်ကွက်မဲ ၁ မဲ ကြားနေမဲ ၃ မဲ ရှိခဲ့ပါတယ်။

ရှီကျင်းပင်း သမ္မတဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သံသယမရှိကြပဲ၊ တရုတ်နိုင်ငံရဲ့ ပြည်သူခန်းမကြီးအတွင်းက အခြေအနေတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲတော်ကြီးတခုဆင်နွဲနေသလိုဖြစ်နေပါတယ်။ ကိုယ်စားလှယ်အတော်များများက သူတို့မဲပေးနေတာတွေကို သူတို့ဘာသာ သူတို့ ဓါတ်ပုံတွေရိုက်ခဲ့ကြသလို၊ တချို့တွေကလည်း ရှီကျင်းပင်းကို အမှတ်တရလက်မှတ်တွေ ထိုးခိုင်းခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့်လို့ တစ်ပေးခံထားရတဲ့ လီကီကျန်းကိုလည်း အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။

လီကီကျန်းကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ကိစ္စကိုတော့ သောကြာနေ့မှာ မဲပေးကြမှာဖြစ်ပြီး ၊ လီကီကျန်းပဲ ဝန်ကြီးချုပ်ဖြစ်လာလိမ့်မယ်လို့ အားလုံးက တွက်ထားကြပါတယ်။
ဒါပေမဲ့ ကွဲကွဲပြားပြားမသိနိုင်ပဲ ရှိနေတာတခုကတော့၊ သူတို့ ၂ ယောက်အနေနဲ့ တရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆိုနေတဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာပဲဖြစ်ပါတယ်။

တရုတ်အမျိုးသားပြည်သူကွန်ဂရက်အတွင်း အစည်းအဝေးတွေမှာ တရုတ်တာဝန်ရှိသူတွေက အတိအလင်းရှင်းရှင်းလင်းလင်း ပြောခဲ့တာတခုကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တခုကတော့ ပါဝင်မှာမဟုတ်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Fu Ying ပြောတာကတော့ -
တခြားနိုင်ငံတွေရဲ့ အပြောင်းအလဲပုံစံတွေအတိုင်း ပြုပြင်ပြောင်းလဲရေးတွေမလုပ်လို့ ၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ပြုပြင်ပြောင်းလဲရေးလုပ်တာမဟုတ်ဘူးလို့ ပြောတာတော့ မတရားဘူးပါဘူး။ လို့ သူမက ပြောသွားတာဖြစ်ပါတယ်။
တရုတ်အစိုးရ ထုတ်ဝေတဲ့ Global Times သတင်းစာရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာခေါင်းကြီးပိုင်းမှာတော့ ပိုပြီးတော့ တုံးတိတိ ရေးထားပါတယ်။ အဲဒီမှာ ဆိုရှယ်လစ်လမ်းစဉ်ကို ထပ်လောင်းအတည်ပြုပြီး၊ အနောက်အုပ်စုက သတ်မှတ်တဲ့ ပြုပြင်ပြောင်းလဲရေးစံကို အမြဲပယ်ချ ဆိုပြီးတော့ ပြောထားပါတယ်။

ဒါပေမဲ့လည်း အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးစိတ်ကူးတွေအားလုံးကိုတော့ တရုတ်နိုင်ငံက ပယ်ချတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တရုတ်မီဒီယာတွေမှာဖော်ပြနေတဲ့ သတင်းဆောင်းပါးတွေအတော်များများမှာတော့ ပြင်သစ်သမိုင်းပညာရှင် Alexis de Tocqueville ရဲ့ စာတွေကို ပြန်ပြီးတော့ စိတ်ဝင်စားလာနေကြပါတယ်။

ရှီကျင်းပင်းရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ အဓိကထိပ်ပိုင်းခေါင်းဆောင်အဖွဲ့ဝင် ၇ ဦးထဲက တဦးဖြစ်တဲ့ ဝမ်ကီရှန်းကတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို Alexis de Tocqueville ရဲ့ the “Old Regime and Revolution” ဆိုတဲ့စာအုပ်ကို အဆိုပြုထားပါတယ်။

အဲဒီထဲမှာ တရုတ်နိုင်ငံဟာ တော်လှန်ရေးလုပ်ဖို့ အချိန်တန်ပြီလားဆိုတာမျိုးကို အတော်များများ ပြောထားပါတယ်။ တရုတ် သတင်းထောက် Cheng Yizhong ပြောတာကတော့

ဝမ်ကီရှန်း နဲ့ ရှီကျင်းပင်းတိုက Tocqueville ရဲ့ စာတွေကို စိတ်ဝင်စားရတဲ့ အကြောင်းကတော့ လူတစ်စုကနေ အာဏာကို ဘယ်လိုလွှမ်းမိုးချုပ်ကိုင်ပြီး ၊ ခြိမ်းခြောက်မှုတွေကို ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ဆုံးဖြတ်ချက်တွေကို လေ့လာဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လစ်ဘရယ်ဝါဒီတွေ နဲ့ တရုတ်နိုင်ငံသားတွေကတော့ မတူညီတဲ့အမြင်တွေရှိကြပြီး၊ တရုတ်နိုင်ငံအနေနဲ့ တပါတီစနစ်နဲ့ အုပ်ချုပ်နေတာကို ပြောင်းလဲသင့်တယ်လို့ ယူဆကြပါတယ်။ ဒီလိုမဖြစ်လာဘူးဆိုရင် ပြင်သစ်တော်လှန်ရေးနဲ့ အလားသဏ္ဍာန်တူတဲ့ တော်လှန်ရေးမျိုးကြုံလာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကတော့ အဂတိလိုက်စားမှုက ပါတီကိုထိခိုက်အဆုံးသတ်သွားစေမယ့်လို့ သတိပေးလိုက်ပြီး၊ အစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့အတွက် ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ အောက်ခြေအဆင့်တွေကိုပဲ ပစ်မှတ်ထားတိုက်ဖျက်သွားမှာမဟုတ်ဘဲ၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG