သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အပေါ် Cyber တိုက်ခိုက်မှု တရုတ်အစိုးရ ပါဝင်


အမေရိကန် အစိုးရပိုင်း၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အရေးပါတဲ့ လုပ်ငန်းကြီး အတော်များများကို အင်တာနက် အွန်လိုင်းကနေ Cyber တိုက်ခိုက်မှုတွေ လုပ်နေရာမှာ တရုတ်အစိုးရကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်အခြေစိုက် အင်တာနက် လုံခြုံရေးအဖွဲ့တခု က ပြောလိုက်ပါတယ်။

တရုတ်အခြေစိုက်တဲ့ အင်တာနက် အချက်အလက် များ ဖောက်ခိုးယူတဲ့ အဖွဲ့ APT1 ရဲ့ Cyber တိုက်ခိုက်မှုတွေကို Mandiant အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြပါ တယ်။

အဲ့ဒီ အချက်အလက် ခိုးယူတဲ့အဖွဲ့ဟာ တရုတ်အစိုးရပိုင်းရဲ့ အင်တာနက် Cyber ဆိုင်ရာ ရေရှည် သူလျှို ထောက်လှမ်းရေး အစီအစဉ်ကနေ တိုက်ရိုက် အကူအညီကို ယူခဲ့တယ်လို့ ဖော်ပြပါတယ်။

APT1 အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းကနေ ကွန်ပြူတာကုမ္ပဏီတွေ၊ ဘဏ်တွေ စတဲ့ အဖွဲ့အစည်း ၁၅၀ နီးပါးထံက အချက်အလက် အတော်များများကို ခိုးယူခဲ့တယ်လို့ Mandiant က ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟောင်းလီ (Hong Lei) ကတော့ ဒါဟာ စွပ်စွဲချက် ဖြစ်တယ် လို့ ငြင်းဆန်ပါတယ်။ အခုလို အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ စွပ်စွဲပြောဆိုမှုဟာ တာဝန် မဲ့ရာကျတယ်၊ ကျင့်ဝတ် သိက္ခာ မဲ့ရာကျတယ်လို့ တုံ့ပြန်ပါတယ်။

တရုတ်နိုင်ငံကို ပစ်မှတ်ထားတဲ့ Cyber တိုက်ခိုက်မှုတွေ အတော်များများဟာ အမေရိကန်
ပြည်ထောင်စုက လာတာလို့ တရုတ်ဘက်က လေ့လာတွေ့ရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက တုံ့ပြန်ခဲ့ပါတယ်။

Mandiant အစီရင်ခံစာနဲ့ ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) ကတော့ တစုံတရာ တိုက်ရိုက် မှတ်ချက်ပေးတာ မရှိပါဘူး။ ဒါပေမဲ့လို့ သမ္မတ အိုဘားမားအနေနဲ့ Cyber လုံခြုံရေးကိစ္စကို အလေးထားဖို့နဲ့၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်း အင်တာနက်ကွန်ယက်တွေ လုံခြုံရေး အတွက် သူလုပ်နိုင်သမျှ လုပ်သွားဖို့ စိတ်အား ပြင်းပြနေတယ်လို့ ဂျေး ကာနေး (Jay Carney) က ပြောသွားပါတယ်။
XS
SM
MD
LG