သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ စီးပွားရေး ရှေ့အလားအလာ


ကမ္ဘာတဝှမ်း စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာပဲ အာရှဒေသမှာတော့ တရုတ်နိုင်ငံက ဦးဆောင်ပြီး စီးပွားရေး အလားအလာတွေ ကောင်းနေပါတယ်။ ဒါပေမဲ့လည်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ဥရောပနဲ့ စီးပွားရေး နာလန်ထူမှုတွေ နှေးကွေးနေတဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ စီးပွားရေး ကျဆင်းမှုတွေရဲ့ ရိုက်ခတ်မှုတွေနဲ့အတူ တရုတ်နိုင်ငံမှာလည်း အရင်ထက် ဖွံ့ဖြိုးမှုတွေ အားနည်း လာနေတာပါ။ တရုတ်နိုင်ငံရဲ့ စီးပွားရေး အလားအလာနဲ့ အန္တာရာယ်တွေ ကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

တရုတ်နိုင်ငံ စီးပွားရေးမှာ အားနည်းလာနေတဲ့ အခြေအနေတွေကြောင့် စိုးရိမ်မကင်း သံတွေနဲ့အတူ စိမ်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ မူဝါဒသစ်တွေ ချမှတ်ရေး ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) ကိုယ်တိုင် မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု လျော့ကျလာမယ်လို့ ခန့်မှန်းနေချိန်မှာပဲ ဝန်ကြီးချုပ်ရဲ့ သတိပေးစကား ထွက်ပေါ်လာတာပါ။ မျှော်လင့်နေကြတဲ့အတိုင်း ဘဏ္ဍာရေး ဒုတိယ ၃ လပတ် ကာလမှာလည်း ကိန်းဂဏန်းတွေ ကျဆင်းလာတာကို တွေ့ကြရပါတယ်။
“ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၇.၈ ရာခိုင်နှုန်းသာ ရှိခဲ့သလို၊ တိုးတက်မှုနှုန်းဟာ ဘဏ္ဍာရေး ၃ လပတ်မှာ ၈.၁ ရာခိုင်နှုန်း ရှိနေရာက ဒုတိယပတ်မှာတော့ ၇.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အကြောင်း” အမျိုးသား စာရင်းအင်းဗျူရို ပြောခွင့်ရသူ ရှန် လိုင်ယွန်း (Sheng Laiyun) က တရုတ်ဘာသာနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ၊ စီးပွားရေးဟာ ၂၀၀၈ ခုနှစ်တုန်းက ကမ္ဘာတဝှမ်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံခဲ့ရစဉ်ကစလို့ အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပေမဲ့လည်း နှစ်စဉ်ဖွံ့ဖြိုးမှု ပမာဏ အနေနဲ့ ၇.၅ ရာခိုင်နှုန်း ရှိမယ်လို့ ရည်မှန်းထားတာ ထက်တော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း အမျိုးသား စာရင်းအင်းဗျူရို ပြောခွင့်ရသူက တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ၈ ရာခိုင်နှုန်းအောက် ကျဆင်း သွားခဲ့တာကို အသိအမှတ်ပြု ပြောဆိုသွားခဲ့ပေမဲ့ အခြေအနေတွေဟာ ထင်သလောက်တော့ မဆိုးလှဘူးလို့ ပြောဆိုခဲ့တာပါ။ တရုတ်လူမှုသိပ္ပံ အကယ်ဒမီက ကုန်သွယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူ ဆုံဟောင် (Song Hong) ကတော့ တရုတ်ဝန်ကြီးချုပ် ရင်ဆိုင်နေရတဲ့ ဖိအားတွေဟာ ကုန်သွယ်ရေးမှာ ကျဆင်းလာနေတဲ့ ကိန်းဂဏန်းတွေကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။

ဒါဟာလည်း ဥရောပက ကြွေးမြီပြဿနာ၊ ၂၀၁၁ ခုနှစ် ဂျပန်ငလျင်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်း ဝယ်လိုအားတွေ ဆက်လက် ကြီးထွားလာရာက တိုင်းပြည် စီးပွားရေး တခုလုံးမှာ တိုးတက်နိုင်တယ်လို့ ယူဆကြောင်း ပြောဆိုသွားပါတယ်။
“လူတွေအနေနဲ့ ကိန်းဂဏန်းတွေ အပေါ်မှာပဲ အာရုံစိုက်နေဖို့ မသင့်ကြပဲ ပြည်တွင်း ပြည်ပက အတိအကျ မပြောနိုင်တဲ့ ရိုက်ခတ်မှုတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုလိမ့်မယ်၊ ဒီလိုရှုဒေါင့်က ကြည့်မယ် ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ မှန်မှန် တိုးတက်နေအောင် ထိန်းထားနိုင်တယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။

ရေနံနဲ့ မော်တော်ကားတွေ ဝယ်ယူမှုတွေမှာ အလျှင်အမြန် ကြီးထွားနေဆဲ ဖြစ်သလို၊ တရုတ် စားသုံးသူတွေရဲ့ ဝယ်လိုအားဟာ ဆိုရင်လည်း အားကောင်းနေဆဲဖြစ်ပြီး၊ ပြည်ပပို့ကုန်တွေ တိုးမြှင့်ဖို့ အစီအစဉ်တွေမှာ ဆိုရင်လည်း တခြားအစိုးရတွေထက် တရုတ်နိုင်ငံက ပိုပြီးကောင်းမွန်အောင် လုပ်နိုင်တယ်လို့လည်း ပြောဆိုသွားတာပါ။

နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းကြီး တခုဖြစ်တဲ့ Standard Chartered ဘဏ်က ကျွမ်းကျင်သူ စတီဖင် ဂရင်း (Stephen Green) ကတော့ စီးပွားရေး ကျဆင်းမှုတွေ သိသိသာသာ မကြုံရလေအောင် တရုတ်အစိုးရက ရေတိုစီမံကိန်းတွေနဲ့ ကြိုးပမ်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
“အတိုးနှုန်းတွေ လျှော့ချတာ၊ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ငွေကြေး ပိုမိုစိုက်ထုတ် သုံးစွဲတာလို အစီအစဉ်တွေက စီးပွားရေး တည်ငြိမ်အောင် အထောက်အကူ ဖြစ်လာနိုင်ပါတယ်။ သြဂုတ်၊ စက်တင်ဘာလ တဝိုက်လောက် ကျရင်တော့ စီးပွားရေး တည်ငြိမ်လာပြီး၊ တိုးတက်မှုတွေ အရှိန်ရလာတဲ့ လက္ခဏာတွေကို ရှင်းရှင်းလင်းလင်း တွေ့လာရလိမ့်မယ်လို့ ယူဆပါတယ်။”

တရုတ်နိုင်ငံ စီးပွားရေး အားပျော့လာနေပေမဲ့ အကျနာလောက်တဲ့အထိ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းနေကြတဲ့ အထဲမှာတော့ စီးပွားရေး လုပ်ငန်းတွေအတွက် အကြွေးယူနိုင်တဲ့ အဆင့်အတန်းကို အကဲဖြတ် သတ်မှတ်နေတဲ့ Fitch Ratings လည်း ပါဝင်ပါတယ်။ တရုတ်အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ စီးပွားရေးဟာ ၃ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ကို ကျဆင်းသွားတယ် ဆိုပေမဲ့ ရှေ့လာမယ့် ဘဏ္ဍာရေး ကာလမှာ သိသိသာသာ ထိုးကျသွားနိုင်တဲ့ အခြေအနေမျိုး မတွေ့ရဘူးလို့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။
တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အခြေအနေတွေက အားနည်းနေတဲ့အတွက် အနာဂတ်မှာ ပြဿနာတွေလည်း ပေါ်နိုင်ပါတယ်...
Andrew Colquhoun (Fitch Ratings) ...



ဒါပေမဲ့လည်း တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေအပေါ် အားထားလာနေတဲ့ အစီအစဉ်တွေ ကတော့ ရေရှည်မခံနိုင်ဘူးလို့ Fitch Ratings ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အရာရှိ အင်ဒရူး ခါဟွန်း (Andrew Colquhoun) ကပြောပါတယ်။ တရုတ်နိုင်ငံက အခုအခါ ရင်းနှီးမြုပ်နှံမှုမှာ သုံးစွဲနေတဲ့ ပမာဏဟာ GDP ရဲ့ ထက်ဝက် နီးပါးအထိ ရှိနေတာကြောင့် ဒါဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တွေမှာ ရှိသင့်ထက် နှုန်းထက် များနေတယ်လို့လည်း သူက ထောက်ပြသွားတာပါ။
“ဖွံ့ဖြိုးမှုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ GDP မှာ မကြုံစဖူး ကြီးထွားလာနေတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို တွန်းအားပေး နေရတာတွေက အခြေခံအားဖြင့် ရေရှည်မခံနိုင်ဘူးလို့ ကျနော်ထင်ပါတယ်။ တခြားတိုင်းပြည်တွေမှာထက် တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အခြေအနေတွေက အားနည်းနေတဲ့အတွက် အနာဂတ်မှာ ပြဿနာတွေလည်း ပေါ်နိုင်ပါတယ်။”

တရုတ်နိုင်ငံ အနေနဲ့ ရေရှည်ခံပြီး ခိုင်မာတဲ့ စီးပွားရေးကို တည်ဆောက်သွားဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုမယ်လို့ Standard Chartered ဘဏ်က စီးပွားရေး ပညာရှင် ဂရင်း ကလည်း ထောက်ပြထားတာပါ။ အထူးသဖြင့်ကတော့ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အပါအဝင် အစိုးရပိုင် လုပ်ငန်းတွေမှာ လျှော့ချသွားဖို့ဟာ တရုတ်နိုင်ငံအတွက် အဓိက စိမ်ခေါ်မှုတခု ဖြစ်မယ်လို့ ပြောပါတယ်။
“ဒါက ပုဂ္ဂလိက ကဏ္ဍက ပါဝင်လာအောင် ဖိတ်ခေါ်ပြီး အခန်းတံခါး တခုကို ဖွင့်ပေးလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဆင်ကြီးတွေ အခန်းထဲ ဝင်ရသလို၊ အစိုးရပိုင် ကုမ္ပဏီတွေက ဒီကဏ္ဍတွေမှာ လွှမ်းမိုးနေတဲ့အတွက် တကယ်တမ်းမှာ ဝင်နိုင်တဲ့ နည်းလမ်းလည်း မရှိပါဘူး။ ဒါကြောင့်လည်း ကျနော်တို့ အနေနဲ့ အသည်းအသန် လုပ်ကိုင်တာမျိုး မြင်ချင်ပါတယ်။ ကျနော် တဦးချင်းအမြင် ပြောရမယ် ဆိုရင်လည်း ရထားလမ်း၊ ကားလမ်း ဒါမှမဟုတ်ရင်လည်း ဆေးရုံလို လုပ်ငန်းတွေမှာ ပုဂ္ဂလိက ကဏ္ဍက ပါဝင်လာဖို့ အလေးအနက် သဘောထားတယ်ဆိုရင်တော့ အစိုးရပိုင် ကဏ္ဍက ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်းပြီး ပုဂ္ဂလိက ကဏ္ဍက ဝင်ရောက်လာနိုင်အောင် နေရာပေးလာတာမျိုး တွေ့ရဖို့လည်း လိုပါတယ်။”

နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မကင်း ဖြစ်နေကြပေမဲ့လည်း တရုတ်အစိုးရကတော့ စီးပွားရေး အားနည်းလာနေတဲ့ အခြေအနေတွေဟာ စိုးရိမ်လောက်စရာ အခြေအနေမှာ မရှိဘူးလို့ ပြောဆိုနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ လျူဝေမင်း (Liu Weimin) ကတော့ အဆိုးအကောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမဲ့ ဒါတွေဟာ တိကျခိုင်မာမှု မရှိဘူးလို့ ပြောလိုက်ပါတယ်။
“တရုတ်အစိုးရ အနေနဲ့ တိုင်းပြည်က ပကတိ အခြေအနေတွေနဲ့အညီ နိုင်ငံတော်အဆင့် စီးပွားရေးဆိုင်ရာ မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ညှိနှိုင်းဆောင်ရွက်တာတွေ ရှိခဲ့တဲ့အကြောင်း” တရုတ်ဘာသာနဲ့ ပြောသွားတာပါ။ အစိုးရအနေနဲ့ အရေအတွက်ထက် အရည်အသွေးကို ပိုပြီး အာရုံစိုက် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်သလို၊ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေး လာနေတာဟာလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ သဘောထားမျိုးကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက အရိပ်အမြွက် ပြောဆိုသွားပါတယ်။

ဝန်ကြီးချုပ် ဝန်ကျားဘောင် အပါအဝင် တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိက ဦးစားပေး အစီအစဉ်ဟာ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ဖို့ ဖြစ်တယ်လို့ မကြာသေးခင်ကပဲ ပြောဆိုထားတာပါ။ ဒီသဘောထားဟာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပြည်ပတင်ပို့မှုတွေကို လျှော့ချပြီး ဝယ်ယူစားသုံးမှုတွေအပေါ် မှီခိုအားထားသွားမယ့် စီးပွားရေး ပုံစံမျိုးဖြစ်ဖို့ မကြာသေးခင် နှစ်တွေတုန်းက ပြောဆိုထားတာတွေကနေ လမ်းခွဲထွက်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ရုံ သက်သက်နဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေ လျော့ကျမသွားအောင် ထိန်းထားဖို့က မလွယ်လှဘူး လို့လည်း ကျွမ်းကျင်သူတွေကတော့ သုံးသပ်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG