သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ပြဿနာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး တရုတ်နဲ့အိန္ဒိယ သဘောတူ


တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh (၂၀ မေ ၂၀၁၃)
တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh (၂၀ မေ ၂၀၁၃)
နယ်စပ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အငြင်းပွားမှုတွေနဲ့ တင်းမာမှုတွေကို လျှော့ချဖို့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အိန္ဒိိယနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ် လီ ခေ့ ချန် (Li Keqiang) နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်းမွန်ဟမ် ဆင်း (Manmohan Singh) တို့ အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေးပြီး နှစ်နိုင်ငံ အခုလို သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် လီ ခေ့ ချန် (Li Keqiang) ရဲ့ အိန္ဒိယခရီးစဉ်ဟာ သူ ဝန်ကြီးချုပ် တာဝန်ကို စပြီး ထမ်းဆောင်ချိန်ကတည်းက ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။

မစ္စတာ ဆင်း (Singh) နဲ့ မစ္စတာ လီ (Li) တို့ တနင်္လာနေ့တုန်းက နယူးဒေလီမြို့မှာ တွေ့ဆုံပြီး၊ ဟိမဝန္တာ အနောက်ဘက်ခြမ်း ဒေသမှာ နှစ်ရှည်လများ ရှိလာခဲ့တဲ့ နယ်စပ်ဒေသ အငြင်းပွားမှု ပြဿနာ၊ ပြီးတော့ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ တရုတ်ဘက်က အသာစီး ရပြီး တဘက်စောင်းနင်း ဖြစ်နေတဲ့ကိစ္စတွေ အပါအဝင် ကိစ္စ အတော်များများကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ်နှစ်ဦး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နှစ်နိုင်ငံကြား မတူညီတဲ့ အကျိုးစီးပွားတွေကို အခုထက် ပိုပြီး မျှဝေဖို့ လိုတယ်လို့ ဝန်ကြီးချုပ် လီ (Li) က ပြောပါတယ်။ နှစ်နိုင်ငံ အခုထက် ပိုပြီး ကြီးမားတဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်တွေ ရဖို့အတွက် နှစ်ဘက် ဆက်ဆံရေး ပိုပြီး ခိုင်မာတောင့်တင်းလာဖို့နဲ့ ယုံကြည်မှုတွေ ပိုပြီး ရှိအောင် နှစ်ဘက်စလုံးက လုပ်ဆောင်ရမှာ ဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ် ဆင်း (Singh) က ပြောခဲ့ပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ဦးဟာ သဘောတူညီချက် ၈ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ အချင်းချင်း အခုလို လူကိုယ်တိုင် တွေ့ဆုံရတာက ပိုပြီး အရေးပါတဲ့အကြောင်းလည်း နှစ်ဘက်စလုံးက ပြောခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း တိဘက်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံ ထောက်ခံသူတွေက နယူးဒေလီမြို့တော်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး၊ လုံခြုံရေးကိုလည်း တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း အိန္ဒိယ-တရုတ်နယ်စပ်အနီး အိန္ဒိယဘက်က သူပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ Ladakh ဒေသမှာ တရုတ်စစ်တပ်ဘက်က ယာယီတပ်စခန်း ချတဲ့အတွက် နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့ကြပြီး၊ နောက်ပိုင်းမှာ အခြေအနေဟာ ပြန်ပြီး တည်ငြိမ်သွားခဲ့ပါတယ်။ အဲ့ဒီကိစ္စအပြီး တရုတ်ဝန်ကြီးချုပ်ရဲ့ အိန္ဒိယနိုင်ငံ နှစ်ရက်ခရီးစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ပြဿနာတွေဟာ နောက်ဆုံးအဆင့်ထိ ပြေ လည်သွားတာမျိုးတော့ မရှိခဲ့သေးပါဘူး။ နှစ်ဘက် တင်းမာမှုတွေဖြစ်ပြီး မူလအခြေအနေအတိုင်း ပြန်ပြီး တည်ငြိမ်သွားတာမျိုးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံး အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာ တရုတ်ဘက်က အိန္ဒိယနိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရေးပါတဲ့အကြောင်း ပြသလိုက်တာပဲ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
XS
SM
MD
LG