သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်က ဒေါ်စုကို တရားဝင်ဖိတ်ခေါ်မယ့် သတင်းထွက်


တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ယောင်ဟူလန်း က ပြောဆိုတဲ့အကြောင်း တရုတ်သတင်းမီဒီယာအချို့မှာ ရေးသားကြပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ တရုတ်အနေနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင်တဦးကို ဖိတ်ကြားဖို့ဆိုတာမှာ၊ သက်ဆိုင်ရာအစိုးရဘက်နဲ့ ညှိနှိုှုင်းသဘောတူပြီးသားဖြစ်နိုင်သလို ဒေသတွင်းသြဇာဟန်ချက်ထိန်းနိုင်ဖို့ ကြိုးပမ်းမှုတရပ်လည်းဖြစ်မယ်လို့ ယူဆကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်းထားပါတယ်

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို အခြေခံတဲ့ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လက်မှတ်ထိုးခဲ့တာ အခု ၂၀၁၄ ခုနှစ်မှာ နှစ် ၆၀ ပြည့်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြန်မာဘက်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ဘက်က တရားဝင်ဖိတ်ကြားမယ်ဆိုတဲ့ သတင်းဖြစ်လာတာပါ။ ဒီမတိုင်ခင်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွေ တရုတ်နိုင်ငံကို သွားရောက်လည်ပတ် လေ့လာတာမျိုးရှိပါတယ်။

ဒါပေမယ့် ကမ္ဘာနိုင်ငံအရပ်ရပ်ကို လှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကို ဘယ်တော့သွားမလဲ ဆိုတာကိုတော့ အများက စိတ်ဝင်စားကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရသူကပါ တရုတ်နိုင်ငံက တရားဝင် ဖိတ်ကြားတယ်ဆိုတဲ့ စာမျိုး ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံရရှိတာ မျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းထားပေမယ့်လို့ ပြန်လည်တုံ့ပြန်အတည်ပြုတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ လတ်တလောအားဖြင့် တရုတ်က ထိပ်ဆုံးမှာရှိပြီး လက်ပံတောင်းတောင် စီမံကိန်းမျိုး၊ မြစ်ဆုံစီမံကိန်းမျိုး အတော်လေး ပွက်လောထစရာ စီမံကိန်းတွေမှာလည်း တရုတ်က ပတ်သက်နေတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို တရားဝင်ဖိတ်ကြားလို့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကို သွားရောက်မယ်ဆိုရင် နှစ်နိုင်ငံအကြား အပြန်အလှန် အခင်းအကျင်းကောင်းမွန်မယ့်အခြေအနေ ဖန်တီးနိုင်ဖို့ အခွင်အလမ်းဖြစ်မယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ယူဆပါတယ်။

“တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ ရှိနေတဲ့ တရုတ်နဲ့မြန်မာပြည်သူ လူထုကြား ဆက်ဆံရေးမှာ ရှိနေတဲ့ အဖုအထစ်လေးတွေ၊ အဆင်မပြေမှုလေးတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့ နှစ်နိုင်ငံကြားမှာ သူနိုင်၊ ကိုယ်နိုင် အခင်းအကျင်းလေးတစ်ခုကို ဖန်တီးနိုင်မယ် ဆိုလို့ရှိရင်တော့ ကျနော့အမြင်အားဖြင့် ကောင်းမွန်တဲ့ခရီးစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မြင်တယ်ဗျ။”

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ဆုံစီမံကိန်းကို ပြန်စနိုင်ဖို့လည်း ကြိုးပမ်းစည်းရုံးနေတယ်ဆိုတဲ သတင်းတွေ ထွက်နေပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းလို အတိုက်အခံ အဖွဲ့အစည်းတွေ တရုတ်ကို ဖိတ်ကြားပြီး ဆွေးနွေးတဲ့အခါမှာ မြစ်ဆုံကိစ္စ ပြန်စနိုင်ရေးကို စကားစ ပြောဆိုတာမျိုးတွေ ရှိတယ်လို့သိရပါတယ်။
ဒါကြောင့့်် တရုတ်ရဲ့ အကျိုးစီးပွားအရ ဆက်ဆံခြင်းဖြစ်တယ်လို့ ဒေါက်တာ ရန်မျိုးသိမ်းက မြင်ပါတယ်။ တရုတ်မှာအခြေစိုက်တဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ရဲ့ မူဝါဒအရတော့ သက်ဆိုင်ရာ အစိုးရနဲ့ညှိနှိုင်းပြီးခွင့်ပြုမှုမပါဘဲနဲ့တော့ အတိုက်အခံခေါင်းဆောင်ဆိုသူတွေကို ဖိတ်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

“သူတို့ဆီမှာတော့ အမြင်နှစ်မျိုးရှိကြတယ်။ တစ်ခုကဘာလဲဆိုတော့ ဗမာပြည် အဲလိုပြောင်းတာကို ကြိုက်တဲ့လူလည်း ရှိပါတယ်။ တချို့ကတော့ ဗမာပြည်ကို အနောက်တိုင်းနိုင်ငံတွေက တအားဆက်ဆံလာတာဟာ သူတို့နိုင်ငံကို ထိန်းချုပ်ဖို့လုပ်တယ်လို့ မြင်တဲ့လူလည်း ရှိတယ်။”

မေး။ ။ ဟုတ်ကဲ့။ ကျနော်တို့သတိထားမိသလောက်တော့ တရုတ်အစိုးရအနေနဲ့ကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရင် အဓိက-ကတော့ အစိုးရအုပ်ချုပ်သူပိုင်းကို အဓိကထားပြီး ဆက်ဆံတယ်၊ မျက်နှာမပျက်အောင် ဆက်ဆံတယ်၊ ဒါပေမယ့် အတိုက်အခံ ခေါင်းဆောင်လို့ ပြောရမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖိတ်ကြားမယ်ဆိုလို့ရှိရင် - ဒါက တရုတ်အစိုးရနဲ့ လက်ရှိမြန်မာအစိုးရနဲ့ ဆက်ဆံရေးပိုင်းမှာရော ထိခိုက်နိုင်စရာရှိလား။

“မရှိပါဘူး။ ကျမကြည့်တာ ဒီလို၊ တရုတ်က သူ့လုပ်နည်းလုပ်ဟန်က- သူက အတိုက်အခံတွေနဲ့ ဆက်ဆံအုံးမယ်ဆိုတောင်မှ အစိုးရကို အရင် ခွင့်တောင်းမှာပါ။ အစိုးရကို အရင်ခွင့်မတောင်းတောင် တိုင်ပင်မှာပါ။ သူတို့အနေနဲ့ အတိုက်အခံကို ဖိတ်ချင်တယ်ဆိုတာ အစိုးရကိုယ်တိုင်ကိုက Green Light ပြလိုက်လို့၊ မီးစိမ်းပြလိုက်လို့ ဖိတ်ကြားတာ ဖြစ်နိုင်ပါတယ်။”

တရုတ်အနေနဲ့ မြန်မာ့အတိုက်အခံလှုပ်ရှားသူတွေနဲ့ ထိစပ်လာတဲ့ ကိစ္စမှာ တရုတ် စီးပွားရေးအကျိုးစီးပွားရေးအပြင်၊ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ အရင်ကထက် ပိုနီးနီးကပ်ကပ် ဆက်ဆံလာတဲ့အပေါ် ဟန်ချက်ယူလိုတဲ့သဘောဖြစ်မယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံထဲကို နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ထိုးဝင်လာတဲ့အနေအထားအရရော ထိုးဝင်လာတဲ့ အနေအထားတွေကို တရုတ်နိုင်ငံဘက်ကလည်း ပြန်ပြီး ထိန်းညှိရတဲ့ အနေအထားတွေရှိတယ်လို့ ကျနော်က မြင်တယ်ဗျ။”

လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို တရုတ်နိုင်ငံအနေနဲ့ ဖယ်ထားလို့မရဘူးဆိုတာ တရုတ်ဘက်က သဘောပေါက်နေပြီလို့လည်း သုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့်လည်း တရုတ်အနေနဲ့ မြန်မာအပေါ် မူဝါဒ ပြောင်းလာပြီဆိုတာကိုတော့ ပြောဖို့ အတော်စောသေးတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ယူဆပါတယ်။
XS
SM
MD
LG