သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လေကြောင်း ကာကွယ်ရေး ဥပဒေသစ် ဂျပန်ကန့်ကွက်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။
တရုတ်နိုင်ငံက လေကြောင်းပိုင်နက်ဇုန် သတ်မှတ်ချက်မှာ ဂျပန်ရဲ့ လေကြောင်း ပိုင်နက်လည်းပါနေတဲ့အတွက် ဒီကြေညာချက်ဟာ အန္တရာယ်ကြီးပြီး ပြဿနာ အကြီးအကျယ်တက်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တရုတ်လေကြောင်းပိုင်နက်ဇုန်ဟာ လက်တွေ့ အသက်သွင်းလို့မရတဲ့ ကိစ္စဖြစ်တယ်၊ ဂျပန်နိုင်ငံအတွက် တရားဝင်မှုမရှိတဲ့အတွက် ပြန်ရုပ်သိမ်းသင့်တယ်လို့ ဒီနေ့ ဂျပန်ပါလီမန်မှာ ထုတ်ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က ဒီလေကြောင်းပိုင်ဆိုင်မှုဇုန် စည်းမျဉ်းသစ်ကို စနေနေ့က ကြေညာခဲ့တာပါ။ ကြေညာချက်အရဆိုရင် ဒီဇုန်အတွင်း ဖြတ်သွားမယ့် လေယာဉ်တွေအားလုံးအနေနဲ့ တရုတ်နိုင်ငံကို ကြိုတင် သတင်းပို့ရမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမိန့်တွေအားလုံးကိုလည်း လိုက်နာရမှာဖြစ်ကြောင်း ထည့်သွင်းခဲ့ပါတယ်။

ခုလို တရုတ်ရဲ့ လေကြောင်းပိုင်ဇုန် သတ်မှတ်ကြေညာမှုကို ဂျပန်အပြင် အမေရိကန်ကလည်း ကန့်ကွက်ခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီဝေဖန် ကန့်ကွက်မှုတွေဟာ အခြေအမြစ်မရှိဘူး၊ တာဝန်ယူတာဝန်ခံမှု မပါဘူးလို့ ပြန်လည် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလေကြောင်း ဇုန်သတ်မှုတ်မှုဟာ တရုတ်ရဲ့အခွင့်အရေးဖြစ်တယ်လို့ လည်း ထာက်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံဘက်ကတော့ ဒီလေကြောင်းဇုန်ကြေညာချက်အပေါ် တရားဝင် ကန့်ကွက်စာပို့ခဲ့ပြီး တရုတ်အစိုးရအနေနဲ့ နယ်မြေအငြင်းပွားနေရတဲ့ ဂျပန်အခေါ် Senkaku ကျွန်း၊ တရုတ်အခေါ် Daioyu ကျွန်းတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ပိုဆိုးလာအောင် တရုတ်ဘက်က လုပ်လိုက်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
XS
SM
MD
LG