သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား


အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေစဉ်။
အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေစဉ်။
ကြာသပတေးနေ့က အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာရှိတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ဝင် ရောက်လာတဲ့အတွက် ဂျပန်ဘက်ကလည်း F-15 ဂျက်တိုက်လေယာဉ် ၈ စင်း ပျံဝဲခဲ့ရာက ၂ နိုင်ငံကြား သံတမန်ရေးရာ အချေအတင် ပြသနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ ဒီကျွန်းတွေအနီးမှာ တရုတ်သမုဒ္ဒရာရေကြောင်းအဖွဲ့ လေယာဉ်တစင်းကို တွေ့ခဲ့ရတာကြောင့် အခုလို ဂျက်တိုက်လေယာဉ် တွေကို ချက်ချင်း စေလွှတ်ခဲ့ရတာဖြစ်တဲ့အကြောင်း - ဂျပန်နိုင်ငံရဲ့ အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး - အိုစာမူ ဖူဂျီ မူးရ (Osamu Fujimura) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

F-15 ဂျက်တိုက်လေယာဉ်တွေအပြင် E-2 C Hawk Eye အမည်ရှိ ထောက်လှမ်းရေးလေယာဉ်လဲ ပါသွားသလို - ဂျပန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လဲ တရုတ်အစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ကန့်ကွက်မှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က - ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် တိုကျိုမှာရှိတဲ့ တရုတ်သံအမတ်ကြီးကိုလည်း ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောဆိုခဲ့တာပါ။ အခုလိုမျိုး ဂျပန်ဘက်က သူတို့ ပိုင်အဖြစ် မှတ်ယူထားတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ကျူးကျော်ဝင်ရောက် လာတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဂျပန်အစိုးရ က ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကတော့ - ဒါဟာ ပုံမှန်အတိုင်း ပျံသန်းမှုသာဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီ (Hong Lei) က တုန့်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG