သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား နယ်မြေမှာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ် လိုလား


တရုတ်သမ္မတ ရှီကျင်းပင်။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၃)။
တရုတ်သမ္မတ ရှီကျင်းပင်။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၃)။
တရုတ်အစိုးရအနေနဲ့ ရေပိုင်နက်ဆိုင်ရာ ပဋိပက္ခတွေကို ဘေးဖယ်ထားဖို့ ဆန္ဒရှိပြီး အငြင်းပွားနေတဲ့ ရေပိုက်နက်နေရာတွေမှာ ပူးတွဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင်းပင် က ပြောကြားလိုက်ပါတယ်။ သြဇာအာဏာကြီးလှတဲ့ နိုင်ငံရဲ့ ပေါလစ်ဗျူရိုအဖွဲ့ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း မစ္စတာရှီက ခုလို မှတ်ချက်စကားဆိုသွားတဲ့အကြောင်း နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေးဖို့အတွက် ပဋိပက္ခကို ဘေးဖယ် ထားဖို့ ဆန္ဒရှိနေပေမဲ့လည်း တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့အချုပ်အခြာပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ လက်လျှော့မှာမဟုတ်ဘူးလို့ မစ္စတာရှီပြောတာကို ကိုးကားဖော်ပြ ခဲ့ကြတာပါ။ ဘယ် ရေပိုင်နက်ကို ရည်ရွယ်ပြောဆိုနေတယ်ဆိုတာကိုတော့ သူက မပြောခဲ့ပေမဲ့၊ သူ့ရဲ့ မှတ်ချက်စကား ကတော့ ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီး Akitaka Saiki ရဲ့ ဘေဂျင်းမြို့ ခရီးစဉ်အပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂျပန်ဘက်က Senkaku လို့ခေါ်ပြီး တရုတ်ဘက်က Diaoyu လို့ခေါ်တဲ့ အရှေ့တရုတ်ပင်လယ်ပြင်ထဲက လူမနေတဲ့ ကျွန်းစုတွေရှိရာကို ပြီးခဲ့တဲ့နှစ်တုန်း က တရုတ်မျိုးချစ်အဖွဲ့တခုက သွားရောက်ပြီး အမျိုးသားရေးပြခဲ့တဲ့ကိစ္စကို ဂျပန်တို့ဘက်က ဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းကစလို့ အဲဒီကျွန်းစုတွေအနီးမှာ တရုတ်ရဲ့ ကင်းလှည့်မှုတွေ တိုးမြင့်ခဲ့သလို၊ အာရှ စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာမှာကို စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်တွင်းမှာလည်း သဘာဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ ကျွန်းစုတချို့နဲ့ပတ်သက်လို့ တရုတ်ဟာ ဂျပန်၊ ဗီယက်နန်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း နဲ့ မလေးရှား နိုင်ငံတွေနဲ့ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်လို့ ဖိလစ်ပိုင်ဘက်က စွပ်စွဲမှုကို တရုတ်က ငြင်းပယ် ထားပါတယ်။

အမေရိကန်ပြည်ထောင်စု ကတော့ ပဋိပက္ခမှာ ပါဝင်တွ နိုင်ငံတွေ အားလုံး အနေနဲ့ သူတို့ရဲ့သဘောထားမတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG