သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖုန်းနဲ့ နှုတ်ခွန်းဆက်


ပြီးခဲ့သော ဂျွန်လ ၁၁ရက်က ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ် သမ္မတ စီကျင့်ပင်နှင့် ဘေဂျင်းမြို့ မဟာပြည်သူ့ ခမ်းမဆောင်တွင် တွေ့ဆုံနေစဉ်။ ဓါတ်ပုံ - AFP
ပြီးခဲ့သော ဂျွန်လ ၁၁ရက်က ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ် သမ္မတ စီကျင့်ပင်နှင့် ဘေဂျင်းမြို့ မဟာပြည်သူ့ ခမ်းမဆောင်တွင် တွေ့ဆုံနေစဉ်။ ဓါတ်ပုံ - AFP

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က တယ်လီဖုန်းဆက်ပြီး မနေ့က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရသစ်ကိုလည်း ဂုဏ်ပြု ကြိုဆိုလိုက်သလို နိုင်ငံ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေရလာမယ်ဆိုတာ တရုတ်နိုင်ငံက ယုံကြည်ကြောင်း ကိုလည်း ဝန်ကြီး Wang ကထည့်သွင်းပြောဆိုသွားတာပါ။

တရုတ်နဲ့ မြန်မာဟာ လေးနက်တဲ့ ခင်မင်ရင်းနှီးမှုတွေရှိကြပြီး နှစ်နိုင်ငံ ပူးပေါင်း ဆက်ဆံခြင်းအားဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးတူ ရလဒ်ကောင်း တွေလည်း ရရှိခဲ့ကြတယ်လို့ ဝန်ကြီး Wang ကပြောဆိုသွားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မဟာဗျူဟာကျတဲ့ မဟာမိတ် ဆက်ဆံရေးကို ခိုင်မာအောင် အတူတကွ ကြိုးပမ်း လုပ်ကိုင်သွားလိုတယ် လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုတွေ အတော်များများ လုပ်ကိုင်နေတာဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ မြစ်ဆုံစီမံကိန်းကို လူထုက ကန့်ကွက်တာကြောင့် ရပ်နားထားရတာပါ။ စစ်အစိုးရ လက်ထက်မှာ မြန်မာနဲ့ တရုတ်တို့အကြား စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ နီးနီးကပ်ကပ် လုပ်ကိုင်တာရှိခဲ့ပေမယ့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆက်ဆံရေး အနည်းငယ် အေးစက်သွားခဲ့ပါတယ်။ မြစ်ဆုံစီမံကိန်းအပါအဝင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် ပြည်တွင်းမှာ ဆန္ဒပြမှုတွေလည်း အတော်လေးဖြစ်သွားခဲ့ပါတယ်။

NLD အစိုးရ တက်လာတဲ့ အချိန်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စနိုင်ဖို့အရေး နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တရုတ်တို့ဘက်က ပြောဆိုမှုတွေ ရှိလာပါတယ်။ အမေရိကန်နဲ့ အပြိုင် မြန်မာနိုင်ငံအပေါ် သြဇာညောင်းလိုတဲ့ တရုတ်နိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာ ထိုးဖောက်ရေး မဟာဗျူဟာ အရ မြန်မာနိုင်ငံဟာ အရေးပါလှတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရနဲ့ သိပ်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG