သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလယ်သမားတွေကို တရုတ်ငွေချေးရေးညှိနှိုင်း


မြန်မာလယ်ယာလုပ်ငန်းခွင် မြင်ကွင်း။
မြန်မာလယ်ယာလုပ်ငန်းခွင် မြင်ကွင်း။
နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍမှာတော့ မြန်မာပို့ကုန်ပစ္စည်းအရည်အသွေး ထိန်းသိမ်းမှု တိုးတက် ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပြီး မြန်မာ လယ်သမားတွေအတွက် လိုနေတဲ့ စိုက်ပျိုးရေး ဆိုင်ရာ အထောက်အပံ့တွေပေးသွားဖို့လည်း စီစဉ်နေတယ်လို့ တရုတ်ကုန်သွယ်ရေး ဒုဝန်ကြီးက ပြောလိုက်ပါတယ်။ တရုတ်ကုန်သွယ်ရေးဒုဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ရန်ကနု်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုသူရစိုးက တင်ပြပေးထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာ မြန်မာနိုင်ငံကို တပတ်ကျော်ကြာ ရောက်ရှိနေတာဖြစ်ပြီး ဒုတိယသမ္မတ ဦးညဏ်ထွန်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတချို့နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို အလေးထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က တင်ပို့တဲ့ကုန်စည်တွေကို အရည်အသွေးသတ်မှတ်ချက်နဲ့ လုပ်ဆောင်ပြီး တရားဝင်ဆောင်ရွက်မယ့်အကြောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက အခုလိုရှင်းပြပါတယ်။

“မြန်မာက စိုက်ပျိုးရေးထုတ်ကုန်များ Export လုပ်တဲ့အခါမှာ အဓိက အတားအဆီးတစ်ခုက အရည်အသွေး၊ ရောဂါပိုးများ စစ်ဆေးရေးဖြစ်ပါတယ်။ ဒီလိုစစ်ဆေးနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရပိုင်းကနေ နည်းပညာပိုင်းကနေ နီးနီးကပ်ကပ် ရှင်းလင်းနေတာဖြစ်ပါတယ်။ ဒီကိစ္စပြေလည်လို့ရှိရင် နောင်ကို မြန်မာပစ္စည်းတွေကို တရုတ်ဘက်ကို တင်ပို့ဖို့ အဆင်ပြေသွားမှာဖြစ်ပါတယ်။”

ဒါ့အပြင် တရုတ်အစိုးရ ဆက်လုပ်ဆောင်မယ့်ကိစ္စတွေကို သူက အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့ လယ်သမားများအတွက် အသေးစားချေးငွေတွေ ထုတ်ပေးဖို့ကိစ္စ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆေးရုံတည်ဆောက်ဖို့ကိစ္စတွေလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံ တည်ဆောက်ဖို့လည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ နောက် မြန်မာစိုက်ပျိုးရေးထွက်ကုန်များ တရုတ်ပြည်ကို တင်ပို့ဖို့ကိစ္စလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး ကျောက်ဖြူမှာ ဖွံ့ဖြိုးရေးဇုံတည်ဆောက်ဖို့လည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ဆေးအသင်းနဲ့ပတ်သက်လို့ ပြင်ဆင်ဖို့ လုပ်ငန်းများလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ခြုံပြီးပြောမယ်ဆိုရင် စီးပွားရေးကဏ္ဍနဲ့ပတ်သက်တဲ့ Level အသီးသီးမှာ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်။ အဲ့တော့ အင်မတန်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တဲ့အတွက် တခုချင်းစီတော့ အချိန်မရှိတော့ ကျနော် မပြောတော့ပါဘူး။”

အသေးစားချေးငွေထုတ်ချေးဖို့အတွက် တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေ ကို မြန်မာနိုင်ငံကို စေလွှတ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောပါတယ်။ အခုလိုလူများစုဖြစ်တဲ့ တောင်သူတွေကို တရုတ်အစိုးရက ငွေထုတ်ချေးမယ့် ကိစ္စတွေအပေါ်မှာတော့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က အခုလိုသုံးသပ်ပါတယ်။

“ယုံကြည်မှုတော့ တည်ဆောက်ချင်တာပေါ့။ လူဦးရေက အများစုကိုး။ လူဦးရေက များတော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ နောက်ပိုင်းမှာ ဒီလယ်ယာကဏ္ဍကလည်း အကျယ်ကြီးကို စက်မှုလက်မှုနဲ့ လယ်ယာကဏ္ဍနဲ့ မြေယာကိစ္စတွေက ဆက်နွယ်လာမှာကိုး၊”

မြန်မာနိုင်ငံက အဓိက လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ပြောင်းကို မြန်မာအစိုးရက တရားဝင် တင်ပို့ခွင့်ပြုထားပေမယ့် တရုတ်အစိုးရဘက်က တရားဝင်တင်သွင်းခွင့် မပြုထားပါဘူး။ ဒါကြောင့် မြန်မာကုန်သည်တွေဟာ တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ် လမ်းကြောင်းကနေတဆင့် မှောင်ခိုတင်ပို့နေရတဲ့အတွက် မကြာခဏဆိုသလို ဖမ်းဆီးခံရတာတို့၊ ငွေပေးခြေတဲ့နေရာမှာ အခက်အခဲရှိတာတို့ ဈေးနှိမ်ခံရတာတို့ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံ နမ်ကျင်းမြို့မှာ ကျင်းပတဲ့ ၂ နှစ်နိုင်ငံ ကုန်စည်ပြပွဲမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဖို့ သဘောတူထားလည်း ဖြစ်ပါတယ်။
XS
SM
MD
LG