သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ပြန်စဖို့ တရုတ်ကြိုးပမ်းမည်


ဧရာဝတီမြစ်ဆုံစီမံကိန်း
ဧရာဝတီမြစ်ဆုံစီမံကိန်း

ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရပြီးနောက် ရပ်ဆိုင်းထားခဲ့ရတဲ့ ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာ စီမံကိန်းကို အစိုးရသစ် လက်ထက် မှာ ပြန်စနိုင်အောင် တရုတ်နိုင်ငံက ဆက်ကြိုးပမ်းသွားမယ့်အကြောင်း အဆင့်မြင့် သံတမန် တဦးက ဒီကနေ့ပဲ ထပ်မံပြောဆိုလိုက်ပါတယ်။ မကြာသေးခင် ရက်တွေအတွင်း စီမံကိန်းပြန်စနိုင်ရေး တရုတ်အစိုးရ အဆင့်မြင့် အရာရှိတွေ ဆက်တိုက် ဆိုသလို ပြောဆိုမှုတွေ ထွက်ပေါ်လာနေတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်မယ့် အစိုးရအတွက် စိန်ခေါ်မှုတခု လည်း ဖြစ်လာနိုင်ပါတယ်။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင် နဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းကို ထိခိုက်နိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ထားတဲ့ စီမံကိန်းကို ပြန်စဖို့ အစိုးရသစ်နဲ့ ဆွေးနွေးမယ်လို့ တရုတ်နိုင်ငံက ထပ်ပြောလိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း ၃,၆၀၀ အကုန်အကျခံပြီး တရုတ်နိုင်ငံက ဆောက်လုပ်မယ့် စီမံကိန်းအတွက် သဘောတူညီချက်တွေဟာ အခုအချိန်အထိ မပျက်ပြယ်သေးဘူးလို့လည်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“၂၀၁၁ ခုနှစ်မှာ မြန်မာအစိုးရက စီမံကိန်းကို ရပ်လိုက်တာဟာ အင်မတန်မှ စိတ်မကောင်းစရာပါ။ ဒါပေမဲ့လည်း စာချုပ်က အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ စီမံကိန်း ရှေ့ဆက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့က ၂ နိုင်ငံစလုံးအတွက် အရေးကြီးပါတယ်။ လက်ရှိအစိုးရအနေနဲ့ စီမံကိန်းကို ပြန်စဖို့ အချိန်မရှိတော့ဘူးလို့ ထင်ပါတယ်။ အစိုးရသစ် တက်လာတဲ့ အချိန်ကျရင်တော့ စီမံကိန်းပြန်စနိုင်အောင် တရုတ်အစိုးရက ဆက်ပြီးဆွေးနွေးသွားမှာပါ။”

မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းထားရတဲ့အတွက် နစ်နာမှုတွေ ရှိခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကပဲ ပြောဆိုခဲ့သလို၊ ဒီမတိုင်ခင်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး က ပြန်စနိုင်ဖို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ NLD အစိုးရသစ် အနေနဲ့ကတော့ လူထုရဲ့ ဆန္ဒကို အလေးထား စဉ်းစားဆုံးဖြတ်မှာ ဖြစ်တဲ့ အကြောင်း NLD ပါတီရဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် ကပြောပါတယ်။

“NLD က ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာဇော်မြင့်မောင် ကပြောပြီလေ၊ ပြည်သူတွေ ရဲ့ လိုလားချက်နဲ့သာ လုပ်ပါမယ်ဆိုတာ သူပြောပြီလေ။ ဘာကြောင့်လဲဆိုတော့ တရုတ်က လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူးလေ။ ဘာကြောင့်လဲဆိုတော့ လူထုတွေက မကြိုက်ဘူးဆိုရင်တော့ ဒါကို လုပ်ဖို့တော့ NLD ကတော့ အစီအစဉ်ရှိမှာ မဟုတ်ပါဘူး။ တဖက်သတ် ကျနော်တို့ကိုတော့ ဒီလိုအနိုင်ကျင့်လို့ ရမယ်တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ဥပဒေတွေလည်းရှိတယ်။ ကျနော်တို့ နောက်မှာလည်း ဟိုတုန်းကလို အစိုးရမဟုတ်တော့ဘူး၊ ကျနော်တို့ရဲ့ အစိုးရနောက်မှာလည်း ကမ္ဘာတခုလုံး ရပ်တည်နေပြီဆိုတော့ ကမ္ဘာတခုလုံး ကျနော်တို့ ဖြေရှင်းတဲ့အထဲမှာ ပါလာမှာပဲလေ။”

မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းပြီး အရင်စစ်အစိုးရတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတယ်လို့ အများက ယူဆထားတဲ့ တရုတ်နိုင်ငံ အနေနဲ့ မကြာသေးခင် နှစ်တွေကစလို့ NLD နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကလည်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တရုတ်သမ္မတ Xi Jinping ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့သလို၊ NLD က ရွေးချယ်ထားတဲ့ ဦးထင်ကျော် ကို ဒီသီတင်းပတ်ထဲ သမ္မတသစ်အဖြစ် လွှတ်တော်က တင်မြှောက်လိုက်တဲ့ အပေါ်မှာလည်း တရုတ်သမ္မတက ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရသစ်နဲ့ ဆက်ဆံရေး ခိုင်မာအောင် လုပ်ရမယ့် အချိန်မျိုးမှာ တရုတ်အစိုးရ အနေနဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စဖို့ ဖိအားပေးလာမယ်ဆိုရင်တော့ ထိခိုက်မှုတွေ ကြုံရနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က သတိပေးပါတယ်။

“ကျနော့်အမြင်ကတော့လေ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုအောက်မှာ ဖွဲ့စည်းခဲ့တဲ့ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တနည်းအားဖြင့် ပြော ရင်တော့ NLD အစိုးရအဖွဲ့ လက်ထက်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် နိုင်ငံတကာက စီမံကိန်းကြီးတွေကို စနစ်တကျ ပြန်လည် သုံးသပ်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့အညီ ဖော်ဆောင်တာမျိုးကို စိစစ်ပြီးတော့လုပ်ဖို့ ပြင်ဆင်နေပြီလို့ ကျနော်နားလည်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုမ္ပဏီတွေ အနေနဲ့ ဒီစီမံကိန်း လုပ်ငန်းတွေကို အစိုးရသစ် လက်ထက်မှာ ဖိအားပေး၊ တွန်းအားပေး ဆောင်ရွက်လာမယ်ဆိုရင် ပထမအဆင့် အနေနဲ့တော့ မြန်မာပြည်သူ လူထု တရပ်လုံးနဲ့တော့ ထိပ်တိုက်တွေ့လာနိုင်တဲ့ အနေအထားမျိုး ရှိပြီးတော့၊ အဲဒီကနေ ဆက်စပ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးပါ ထိခိုက်ပွန်းရှ လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

စစ်အစိုးရတွေ လက်ထက်မှာ သဘောတူညီချက် ရရှိခဲ့ကြတဲ့ မြစ်ဆုံစီမံကိန်း အပါအဝင် မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက ဝင်ရောက် လုပ်ကိုင်နေတဲ့ စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုတွေ အားနည်းတယ်လို့လည်း အများက ထောက်ပြနေကြတာပါ။ စစ်ကိုင်းတိုင်း မုံရွာခရိုင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်မယ့် စီမံကိန်းတွေမှာလည်း မြေယာသိမ်းဆည်းမှုတွေ၊ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်ဆိုပြီး ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG