သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ-ကူမင်း ရထားလမ်းနဲ့ တရုတ်-မြန်မာဆက်ဆံရေး


တရုတ်ပြည်က ရထားလမ်းသစ်ဖောက်လုပ်မှု။
တရုတ်ပြည်က ရထားလမ်းသစ်ဖောက်လုပ်မှု။

တရုတ်-မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဒေသခံ လူထုရဲ့ ထောက်ခံမှု ရရင် အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတဲ့ အကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ အကောင်အထည် မဖော်နိုင်ခဲ့တဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ စီးပွားရေး အကျိုးအမြတ် သက်သက်ကိုပဲ ကြည့်လို့တော့ မဖြစ်နိုင်ဘူးလို့ ဆန်းစစ်သူတွေက သတိပေးနေကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းအထိ ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းကို မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေက ထောက်ခံမယ်ဆိုရင် ဆက်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန် ဟောင်လန် (Yang Houlan) က ပြောဆိုခဲ့တာပါ။ ကြာသပတေးနေ့က သူ့နေအိမ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ Yang က - ဖောက်လုပ်မယ့် ရထားလမ်း တလျှောက် ဒေသခံတွေဆီက ဒီစီမံကိန်းနဲ့ပတ်သက်လို့ ကန့်ကွက်တဲ့အသံတွေကို မကြားမိတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန် အခြေစိုက် Brookings Institute အရှေ့အာရှ မူဝါဒရေးရာ သုတေသနဌာနက Dr. Lynn Kuok ကတော့ - မြန်မာအစိုးရက တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒမှာ ထင်ရှားတဲ့ အပြောင်းအလဲတခုလို့ သုံးသပ်ခဲ့ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံအတွက်တော့ စီးပွားရေးအရ နစ်နာမယ့်ကိစ္စပါ။ ရထားလမ်းဟာ တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းအတွက် အရေးကြီးတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲက ကမ်းလွန်ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်းတွေမှာ တရုတ်နိုင်ငံက အလွယ်တကူ မဝင်နိုင်အောင် လုပ်လိုက်သလိုလည်း ဖြစ်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာအရ အားထားနေရတာကို လျှော့ချလိုတဲ့ သဘောထားကို ပြသရာလည်း ရောက်ပါတယ်။”

တရုတ်သံအမတ်ကြီး Yang ကတော့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးမှာ အခွင့်အလန်းတွေ ပိုများလာတာနဲ့အမျှ တချိန်တည်းမှာပဲ စိန်ခေါ်မှုတွေလည်း အရင်ထက် ပိုများလာတာကို အသိအမှတ်ပြု ပြောဆိုတဲ့အကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ လုံခြုံရေးကိစ္စတွေကို အကဲခတ်လေ့လာနေတဲ့ ဝါရှင်တန် အခြေစိုက် Stimson Center ရဲ့ အရှေ့အာရှရေးရာ ကျွမ်းကျင်သူ Dr. Sun Yun ကတော့ - တရုတ်အစိုးရအနေနဲ့ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မူဝါဒတွေကို ကျင့်သုံးဖို့ လိုမယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ သဘောထား အမြင်တွေလည်း ပြောင်းလဲဖို့ လိုပါတယ်။ တရုတ်နိုင်ငံ ဘက်က ဖြေရှင်းရမယ့် ပြဿနာတွေထဲက တခုကတော့ စီးပွားရေး အကျိုးအမြတ်တွေနဲ့ သံတမန် ဆက်ဆံရေးကြား ကြီးမားတဲ့ ကွာဟချက်ကို ဘယ်လိုထိန်းမလဲ ဆိုတာပါပဲ။ မြစ်ဆုံဆည် စီမံကိန်းလို၊ ရပ်လိုက်ရတဲ့ ရထားလမ်းစီမံကိန်းလိုမျိုး၊ ဒါမှမဟုတ်ရင်လည်း တခြားစီးပွားရေးနဲ့ ဆက်နွယ်တဲ့ ကိစ္စမျိုးတွေကို တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အခြေခံ စဉ်းစားဆုံးဖြတ်ရမယ့် စံအဖြစ် တရုတ်နိုင်ငံအနေနဲ့ သတ်မှတ်တာမျိုးကတော့ လက်တွေ့မကျပါဘူး။ တရုတ်နိုင်ငံအနေနဲ့ တိုင်းပြည်တခုအပေါ် မူဝါဒချမှတ်ရာမှာ အမြင်ကျယ်ကျယ်နဲ့ ရှုဒေါင့်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့လည်း လိုပါတယ်။”

အမေရိကန်ဒေါ်လာ သန်း ၂ ထောင် အကုန်ကျခံ တည်ဆောက်မယ့် ကျောက်ဖြူ - ကူမင်း ရထားလမ်း စီမံကိန်းကို မြန်မာအစိုးရနဲ့ China Railway Engineering Corporation – CREC တို့က ၂၀၁၁ ခုနှစ် ဧပြီမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဒီစာချုပ်အရ ရထားလမ်းကို ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်ကို ဖြတ်သွားပြီး တရုတ်နိုင်ငံ ကူမင်းအထိ မိုင်ပေါင်း ၇၅၀ ကျော် ရှည်လျားမယ့် စီမံကိန်းဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲ့ဒီရထားလမ်း ဖောက်လုပ်မယ့် လမ်းကြောင်းတလျှောက်က လယ်မြေတွေ သိမ်းဆည်းခံရမှာ၊ ဒေသခံတွေ အဓမ္မပြောင်းရွှေ့ခံရမှာ လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်လာမှာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာမှာကို တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့် အရေးအဖွဲ့တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက ထောက်ပြ ကန့်ကွက်သံတွေ ထွက်ပေါ်ပြီးနောက် စီမံကိန်း ရပ်ဆိုင်းကြောင်း ကြေညာခဲ့တာပါ။

အလားတူ - ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ့် တရုတ် CPI ကုမ္ပဏီနဲ့ လုပ်ဆောင်နေတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကိုလည်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဆိုင်းငံလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ Brookings Institute က Dr. Lynn Kuok ကတော့ တရုတ်အစိုးရအနေနဲ့ နောက်ထပ် အပြောင်းအလဲတွေ တွေ့မြင်ရမယ့် အလားအလာတွေရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ သတိထားဖို့ လိုမယ်လို့ ပြောပါတယ်။

“တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်လောက်တဲ့အထိ စီးပွားရေး လုပ်ငန်းကြီးတွေအတွက် ဖိအားပေးတာမျိုးဟာ အမျှော်အမြင်မရှိရာ ရောက်တယ် ဆိုတာကို တရုတ်အစိုးရက သဘောပေါက်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုတာကိုလည်း သူတို့ သိပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မြန်မာအစိုးရရဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာနဲ့ လူထုကို ဦးစားပေးရမယ့် ကိစ္စကြား ချိန်ခွင်လျှာ ညှိရတဲ့ ကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။”

တချိန်တည်းမှာပဲ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးရှိနေတဲ့ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း အခုအချိန်အထိ မျှော်မှန်းထားသလောက် ဝင်မလာသေးသလို၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေမှာလည်း သတိထားနေဆဲ ဖြစ်တဲ့အတွက် အချိန်ကာလတခုအထိ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအပေါ် အားထားနေရဦးမယ်လို့လည်း Dr. Lynn Kuok က မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း - မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံတွေစာရင်းထဲ ထိပ်ဆုံးကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG