သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နှစ်နိုင်ငံသဘောတူ


မြန်မာသမ္မတ ဦးသိန်းစိန် Thein Sein (ရှေ့) တရုတ်သမ္မတ Xi Jinping တို့ တရုတ်နိုင်ငံ Great Hall မှာ တွေ့ရစဉ်။ (ဂျွန် ၂၇၊ ၂၀၁၄)
မြန်မာသမ္မတ ဦးသိန်းစိန် Thein Sein (ရှေ့) တရုတ်သမ္မတ Xi Jinping တို့ တရုတ်နိုင်ငံ Great Hall မှာ တွေ့ရစဉ်။ (ဂျွန် ၂၇၊ ၂၀၁၄)

မြန်မာသမ္မတဦးသိန်းစိန်ရဲ့ လေးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံနဲ့တွေ့ဆုံရာမှာ နှစ်နိုင်ငံကြား မဟာဗျူဟာကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက် သဘောတူခဲ့ကြသလို တရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ အဓိက ပြဿနာကြီးတွေမှာ မြန်မာက ရပ်တည်ပေးမယ်လို့ တရုတ်ဘက်က ယုံကြည်ကြောင်း တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးအပေါ် အကဲခတ်တွေရဲ့အမြင်ကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ၄ ရက် ခရီးနောက်ဆုံးနေ့မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်းလီ (Hong Lei) က တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်းဆောင်ရွက်သွားဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်သွားဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေကြား သဘောတူညီမှု ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်သလို တူညီတဲ့ပန်းတိုင်လည်းရှိပြီး မြန်မာနိုင်ငံမှာ တာရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရဖို့ တရုတ်သမ္မတ ရှီကျင့်ပင်က မျှော်လင့်ထားသလို နိုင်ငံရဲ့အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ ဖွံ့ဖြိုးမှုရအောင် ဆက်လုပ်နေမယ်လို့ ယုံကြည်ကြောင်း ပြောသွားတာပါ။

လက်ရှိ ရှုပ်ထွေးပြီး ပြောင်းလဲနေတဲ့ နိုင်ငံတကာ အနေထားအောက်မှာလည်း တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တိုးတက်မှုရှိနေတာမို့ နှစ်နိုင်ငံစလုံးက အရင်ပုံစံအတိုင်း သွေးစည်းညီညွတ်စွာနဲ့ မပြောင်းလဲတဲ့ ဆက်ဆံရေးလမ်းကြောင်းပေါ်မှာ ကိုယ့်လူမျိုး အကျိုးစီးပွါးအတွက် လုပ်ဆောင်သင့်ပါတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်တဲ့ မူဝါဒကို ဆက်လက် ကျင့်သုံး နေပြီး မိတ်ဆွေအဖြစ်နဲ့ ကာလအတော်ကြာ ရပ်တည်ခဲ့ရာမှာ မြန်မာဘက်က တရုတ်ရဲ့ ရေရှည် ပံ့ပိုးမှုကို လက်ခံကျေနပ်သလို တရုတ်ရဲ့ စိုးရိမ်စိတ်ပူစရာ အဓိက ပြဿနာကြီးတွေမှာ တရုတ်ကို ထောက်ခံပံ့ပိုးပေးမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရဘက်က ဘာပြဿနာလို့ တိတိကျကျ ထုတ်ဖေါ် မပြောဆိုခဲ့ပေမယ့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို အာရှဒေသတွင်း အဓိက အထောက်အကူပေးနေတဲ့ ဂျပန်နဲ့ရော အာဆီယံနိုင်ငံတချို့နဲ့ပါ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေတာပါ။ အခုလို အခြေနေ မျိုးမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေတဲ့ မြန်မာနိုင်ငံက တရုတ်ဘက်ကနေ ရပ်တည်မယ် ဆိုရင် ဒေသတွင်း အမြင်မှားစရာတွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်လာမလားလို့ အများက တွက်ဆနေကြပါတယ်။ တရုတ်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံနဲ့ ဒေသဆိုင်ရာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ မြန်မာနိုင်ငံအတွက်တော့ အများထင်သလို အဖုအထစ်တွေ ဖြစ်မလာနိုင်ဘူးလို့ တွက်ဆပါတယ်။

“တရုတ်အနေနပြ ဗီယက်နမ်နဲ့ကော ဖိလစ်ပိုင်နဲ့ရော ပဋိပက္ခတွေ ကြီးမားနေတယ်ဆိုတာ မှန်တယ်။ ဒီနှစ်နိုင်ငံလုံးကလည်း ASEAN နိုင်ငံတွေဖြစ်တာကိုး။ ဒါကြောင့်မို့လို့ ဒီ ပဋိပက္ခကြီးမားနေတာတော့ မှန်တယ်။ သို့သော်လည်း ASEEAN တခုလုံးနဲ့ ဖြစ်လာတာ မဟုတ်ဘူးလေ။ အဲဒီတော့ ASEAN နိုင်ငံတွေ အားလုံးရဲ့ပြဿနာကိုက အားလုံးသဘောတူညီချက်ရှိမှ ဘယ်ကိစ္စမဆို ဆုံးဖြတ်ရတာဖြစ်တော့ ASEAN ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတယ်။ ကမ္ဘောဒီးယား ASEAN ဥက္ကဋ္ဌလုပ်တုန်းကလည်း ဒီလိုပဲ ဖိလစ်ပိုင်နဲ့ ပြဿနာတက်ဖူးတာပဲ။ အဲဒီတော့ ကျန်တဲ့နိုင်ငံတွေနဲ့ကျတော့ တရုတ်က ဆက်ဆံရေး တော်တော် foul ဖြစ်နေတာကိုး။”

တရုတ်က အမေရိကန်ပြည်ထောင်စုရဲ့ ဒေသတွင်း လွှမ်းမိုးမှုကို စိုးရိမ်နေချိန်မို့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုကို ရလာနေတဲ့ မြန်မာနိုင်ငံကနေ တရုတ်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်လာတာမို့ အခု မြန်မာသမ္မတရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ အောင်မြင်မှု ရှိမယ်လို့လည်း သုံးသပ်ပါတယ်။

“တရုတ်ပြည်က တချို့ ခေတ်ပညာတတ်တွေက နည်းနည်းစိတ်ပူပန်နေတာက ဗမာပြည်ထဲကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ ဝေါကနဲ ဝင်လာတဲ့ဟာက သူတို့ကိုများ ဦးတည်သလားပေါ့။ တရုတ်က အမေရိကန်ရဲ့ အာရှတိုက်ကို ပိတ်ပြီးဝင်လာတဲ့ခြေလှမ်းဟာ သူတို့ရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ထိန်းသိမ်းဖို့၊ ထိန်းချုပ်ဖို့လို့ မြင်တယ်လေ။ ဒါကြောင့် ဗမာပြည်ကိုဝင်လာတယ်၊ အဲဒီလိုဖြစ်တဲ့အတွက် သူတို့ အတွက် တစုံတစရာ ထိခိုက်လေမလား၊ နစ်နာလေမလားလို့ ပူပန်တဲ့လူတွေ ပူပန်တယ်။ အဲဒါကို ဦးသိန်းစိန်က ပြေရာပြေကြောင်း လုပ်တဲ့အတွက် တရုတ်နဲ့ ဆက်ဆံရေး မပြတ်ကောင်းမွန်နေစေရပါမယ်ဆိုတဲ့သဘောမျိုး လာအာမခံတာဖြစတဲ့အတွက် တရုတ်ကလည်း တော်တော်ကျေနပ်ပုံရပါတယ်။ ဦးသိန်းစိန်က အမြတ်ရတယ်လို့ ပြောရမှာပေါ့။”

အခု မြန်မာသမ္မတရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာပဲ တရုတ်သမ္မတ ရှီကျင့်ပင်ကို မြန်မာနိုင်ငံကို လာရောက် လည်ပါတ်ဖို့ သမ္မတဦးသိန်းစိန်က ဖိတ်ကြားခဲ့ပါတယ်။

XS
SM
MD
LG