သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ဆက်ဆံရေး NLD အစိုးရ အခက်တွေ့နေပြီလား


တရုတ်နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ။ (ဧပြီ ၅၊ ၂၀၁၆)
တရုတ်နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ။ (ဧပြီ ၅၊ ၂၀၁၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဒေသတွင်းက သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အစိုးရသစ်နဲ့တွေ့ဖို့ ထိပ်ဆုံးက ရောက်လာတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဆက်လက်တိုးမြှင့်သွားဖို့ ကတိပြု ပြောကြားထားတာပါ။ တရုတ်-မြန်မာ ဆက်ဆံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Joyce Huang ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦး က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက် လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများကမြင်ကြတဲ့ တရုတ်နိုင်ငံက NLD အစိုးရသစ်နဲ့ ဦးဦးဖျားဖျား လာရောက်တွေ့ဆုံပြီး၊ ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ပြောဆိုခဲ့တာပါ။ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်တဲ့ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်လက်ဆက်ဆံသွားဖို့ အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်သွား ဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းကို သတင်းစကား ပါးနိုင်အောင် ရောက်လာတာလို့လည်း မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုခဲ့တာပါ။

တရုတ်-မြန်မာ ပူးတွဲသတင်းစာရှင်းလင်းပွဲ။
တရုတ်-မြန်မာ ပူးတွဲသတင်းစာရှင်းလင်းပွဲ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး တာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုရာမှာတော့ အိမ်နီးချင်းအဖြစ် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အရေးကြီးကြောင်း အလေးထား ပြောကြား သွားပေမဲ့ မြန်မာ အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မကာအိုတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန တွဲဖက်ပါမောက္ခ Jonathan Chow ကတော့ အနောက်နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးမှုရှိတဲ့ NLD အနေနဲ့ အစိုးရသစ် ဖြစ်လာချိန်မှာ ကြားနေတဲ့ သံတမန်ဆက်ဆံမှုရေးမူကို ကျင့်သုံးမယ့်အလားအလာ ပိုများတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အစဉ်အလာ ရပ်တည်ချက်အတိုင်း ဘက်မလိုက်မူဝါဒ ကျင့်သုံးတာတွေ့ရလိမ့်မယ်လို့ ယူဆပါတယ်။ ဒီအတွက်လည်း ၁၉၉၇ ခုနှစ်ကတည်းက အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) အဖွဲ့ဝင်အဖြစ် ဆက်လက် တွေ့မြင်ရလိမ့်မယ်လို့လည်း ထင်ပါတယ်။”

တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်မှုရစေဖို့ ၂ နိုင်ငံ ထိပ်တန်း သံတမန်တွေ ပြောဆိုခဲ့ကြပေမဲ့လည်း မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်စရာတွေလည်း ရှိနေတာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရုတ်နိုင်ငံက ရေကာတာတွေ ဆောက်လုပ်မယ့် အစီအစဉ်၊ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစရှိတဲ့ လုပ်ငန်းတွေမှာ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမှာ အများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အပြန်အလှန် လိုအပ်ချက်တခု ဖြစ်တယ်လို့လည်း ပါမောက္ခ Chow ကပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေ လိုအပ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံက သဘာ၀ အရင်းအမြစ်တွေ ရနိုင်ဖို့နဲ့ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရဖို့ လိုပါတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာတော့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံပြီး ၂ နိုင်ငံ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေး ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် အဖွဲ့အစည်း တချို့ဟာ တရုတ်နိုင်ငံနဲ့ နီးစပ်မှု ရှိနေတာဟာလည်း မိုင်ပေါင်း ၁၃၀၀ ကျော် နယ်စပ်ချင်းထိစပ်နေတဲ့ ၂ နိုင်ငံကြား အရေးကြီးတဲ့ ကိစ္စအဖြစ် ရှိနေဆဲပဲလို့လည်း တရုတ်နိုင်ငံ Chi Nan အမျိုးသား တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာန တွဲဖက်ပါမောက္ခ Chao Chung-chi က ယူဆပါတယ်။

“ဝတပ်ဖွဲ့ဟာ တရုတ်နဲ့ နီးစပ်မှုရှိတဲ့ မြန်မာနိုင်ငံထဲက အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို ထိန်းချုပ်ဖို့ အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချမယ် ဆိုရင်တောင်၊ သူ့အနေနဲ့ ၂ ခါပြန် စဉ်းစားရပါလိမ့်မယ်။”

တချိန်တုန်းက စစ်အစိုးရတွေရဲ့ ဖိနှိပ်မှုခံရချိန်မှာ အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုတွေ ရခဲ့တဲ့ NLD အနေနဲ့ အစိုးရသစ်ကို ဦးဆောင်တဲ့ အချိန်မှာ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးမှုတွေ ပိုမိုအားကောင်းလာနိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ကလည်း ဗုဒ္ဓဟူးနေ့က မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဆက်ပြီး ချီးကျုးဂုဏ်ပြုစကား ပြောကြားခဲ့သလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဆက်လက်ပံ့ပိုးကူညီဖို့လည်း ကတိပြုခဲ့တာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ ကောလိပ်ကျောင်းက နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ Liang Jinyun ကတော့ မြန်မာနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့က အားသာချက်တွေကို အသုံးချနိုင်တဲ့ အခွင့်အလန်းတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အနောက်နိုင်ငံတွေက ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်သလို၊ တရုတ်နိုင်ငံ အနေနဲ့ကတော့ စီးပွားရေးကဏ္ဍမှာ အကျိုးအမြတ်တွေ ခံစားနိုင်အောင် ဆောင်ကျဉ်းရာမှာ အရေးကြီးပါတယ်။”

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ လတ်တလော တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ရှိနေသလို၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ရှိတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ၂ နိုင်ငံ စီးပွားရေး ဆက်ဆံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အပြန်အလှန် အကျိုးကျေးဇူး ခံစားရမယ့် အလားအလာကောင်းတွေ ရှိနေတယ် ဆိုတာပြသရာ ရောက်နေတယ်လို့ ပြောဆိုခဲ့ သလို၊ စီးပွားရေး လုပ်ငန်းတွေမှာ ကြုံရတတ်တဲ့ ပြဿနာတွေကိုလည်း ပူးပေါင်းဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG