သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းသမားတွေ ပြန်လွှတ်ဖို့ ဖိလစ်ပိုင်ကို တရုတ်တောင်းဆို


ဖမ်းဆီးခံတရုတ်ငါးဖမ်း သင်္ဘောသားများကို ဖိလစ်ပိုင် တရားရုံးမှာ တွေ့ရစဉ်၊ နိုဝင်ဘာလ ၂၄၊ ၂၀၁၄
ဖမ်းဆီးခံတရုတ်ငါးဖမ်း သင်္ဘောသားများကို ဖိလစ်ပိုင် တရားရုံးမှာ တွေ့ရစဉ်၊ နိုဝင်ဘာလ ၂၄၊ ၂၀၁၄

တောင်တရုတ် ပင်လယ်ထဲက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ ပင်လယ်လိပ်တွေ ဖမ်းဆီးလို့ ဖိလစ်ပိုင်က ဖမ်းထားတဲ့ တရုတ် ငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးဖို့ တရုတ်အစိုးရက တောင်းဆိုသွားပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ မိုင် ၂၀၀ အကွာအဝေးအတွင်း သူတဦးတည်းပိုင် စီးပွားရေးဇုံထဲမှာရှိတဲ့ Half Moon ကျွန်းစုနားမှာ ရှားပါး ပင်လယ်လိပ်တွေဖမ်းဆီးလို့ မေလကတည်းက ဖမ်းခံထားရတဲ့ တရုတ် ငါးဖမ်းသမားတွေကို ဖိလစ်ပိုင်တရားရုံးက တနင်္လာနေ့မှာ တယောက်ကို ဒေါ်လာ တသိန်းကျော် ဒဏ်ရိုက်လိုက်ပါတယ်။ ဖိလစ်ပိုင်အစိုးရအနေနဲ့ အဲဒီသူတွေနဲ့ သင်္ဘောကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားပါတယ်။

အဲဒီ ငါးဖမ်းသမားတွေကို ဖိလစ်ပိုင်က တရားမဝင် ဖမ်းခေါ်သွားတာဖြစ်ပြီး ဒါဟာ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ တရုတ်အစိုးရရဲ့ အခွင့်အရေးကို ထိပါးတာပဲဖြစ်တယ်လို့ Ms. Hua ကပြောပါတယ်။ တရုတ်ဟာ Half Moon ကျွန်းစုအပါအဝင် တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်း အများစုကို သူတို့ပဲပိုင်တယ်လို့ ပြောနေတာပါ။ ဒီနှစ်အစောပိုင်းတုံးက ဖိလစ်ပိုင်က တရုတ်ရဲ့ ရေပိုင်နက်သတ်မှတ်မှုနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂခုံရုံးမှာ စိန်ခေါ်ခဲ့တာပါ။ တရုတ်ကတော့ ဒီပဋိပက္ခမှာ နိုင်ငံတကာက ပါဝင်ဖြေရှင်းတာကို အသိအမှတ်မပြုပဲ သူ့ဖက်ကလည်း ဖြေရှင်းတာမျိုးမလုပ်လာသလို ဒီတရားစီရင်မှုမှာလည်း မပါဝင်ပါဘူး။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် တို့ကလည်း တောင်တရုတ်ပင်လယ်ထဲက နေရာတချို့ကို သူတို့ပိုင်ဆိုင်ကြောင်း အသီးသီးပြောနေကြပြီး တချို့နေရာတွေမှာ တနိုင်ငံနဲ့ တနိုင်ငံပြောနေတဲ့ ပိုင်နက်က ထပ်နေတာပါ။

XS
SM
MD
LG