သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရသစ် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများ


ကာကွယ်ရေးဒဝန်ကြီးသစ်အဖြစ် ရွေးချယ်ချယ်ခံရသူ Chang Wanquan (ရှေ့တန်း-လယ်) နဲ့အတူ တရုတ်အမျိုးသားကွန်ဂရက်ကို တက်ရောက်နေသူများ။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ကာကွယ်ရေးဒဝန်ကြီးသစ်အဖြစ် ရွေးချယ်ချယ်ခံရသူ Chang Wanquan (ရှေ့တန်း-လယ်) နဲ့အတူ တရုတ်အမျိုးသားကွန်ဂရက်ကို တက်ရောက်နေသူများ။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ခေါင်းဆောင်သစ်တွေ အပြောင်းအလဲဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ အစိုးရဝန်ကြီးအဖွဲ့ဝင်တွေကို စနေနေ့က ရွေးချယ်ခဲ့ပါတယ်။ နှစ်ပတ်လည် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်မှာ ကန့်ကွက်မဲမရှိ ခေါင်းဆောင်သစ်တွေ၊ အစိုးရအဖွဲ့ဝင်သစ်တွေကို မဲခွဲရွေးချယ် ဆုံးဖြတ်ခဲ့ကြတာပါ။ နောင် ၁၀ နှစ်ကြာ တရုတ်နိုင်ငံကို ခေါင်းဆောင်သွားမယ့် သမ္မတသစ် ရှီကျင်ပင်းနဲ့ ဝန်ကြီးချုပ် လီခွန့်ချောင်းတို့အနေနဲ့ ပြည်တွင်း ပြည်ပက စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရမှာပါ၊ ဒီတော့ ဘယ်လို စိန်ခေါ်မှု ကြီးကြီးမားမားရှိနေသလဲ ဒီစိန်ခေါ်မှုကြီးတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားသင့်သလဲ ဆိုတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်က မတ်လ ၁၆ ရက်နေ့က အစိုးရအဖွဲ့ဝင်သစ်ကို တရားဝင် မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ နောက် ၁၀ နှစ်ကြာ အုပ်ချုပ်မယ့်အစိုးရအဖွဲ့အတွက် သမ္မတအဖြစ် ရှီကျင်းပင် နဲ့ ဝန်ကြီးချုပ်အဖြစ် လီခွန့်ချောင်းတို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒု-ဝန်ကြီးချုပ် ၄ ဦးအဖြစ် Zhang Gaoli၊ Liu Yandgon၊ Wang Yang နဲ့ Ma Kai တို့ကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ အနားယူတော့မယ့် Yang Jiechi ကိုတော့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ကောင်စီဝင်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ပါတယ်။ အသက် ၆၂ ရှိပြီဖြစ်တဲ့ Yang Jiechi ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Wang Yi နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းကို စီမံကွပ်ကဲနေတဲ့ Chang Wanquan ကတော တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ တရုတ်အစိုးရအနေနဲ့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ကြီးမားပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေအတော်များများနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုတွေကတော့ တိုင်းပြည်တွင်း ကြီးထွားလာနေတဲ့ ဆင်းရဲချမ်းသာကွာဟမှု၊ အဂတိလိုက်စားမှု ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ ထိခိုက်ကျဆင်းမှု၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ အမေရိကန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိပက္ခတွေဖြစ်နေတာတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အခြေအနေကတော့ အရင်သမ္မတဟောင်း ဟူကျင်းတောင် သမ္မတအဖြစ်ရှိနေတုန်းက အခြေအနေနဲ့တော့ အတော်လေးကို ကွာခြားပါတယ်။ တရုတ်နိုင်ငံ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ စီးပွားရေး တိုးတက်လာဖို့သက်သက်တင်မဟုတ်ဘဲ၊ တိုင်းပြည်တခုလုံးရဲ့ စီးပွားရေးကို ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခုနှစ်မှာ သူတို့ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၇.၅ ရာခိုင်နှုန်းတက်ဖို့ ရည်မှန်ထားပြီး၊ အရေအတွက်များများ ထုတ်လုပ်ဖို့အစား အရည်အသွေးကောင်းတွေ ပြောင်းလဲထုတ်လုပ်လာနိုင်ဖို့ ပိုပြီးတော့ အာရုံစိုက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးကို အခုလက်ရှိအခြေအနေထက် ၂ ဆကြီးထွားလာဖို့ မျှော်လင့်ချက် နဲ့ စားသုံးသူတွေရဲ့ ဝယ်လိုအားနဲ့ ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်ဖို့ကိစ္စတွေကို အဓိကထားပြီး စီးပွားရေးကို ပြန်ပြီးချိန်ခွင်လျှာညှိဖို့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှုအသစ်က စဉ်းစားနေကြပါတယ်။

ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ လယ်သမားတွေဟာ လခကောင်းကောင်းရတဲ့အလုပ်တွေကို လုပ်ဖို့အတွက် မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်လာနေကြတဲ့အတွက် ဒီကိစ္စမှာ မြို့ပြဖွံ့ဖြိုးမှုက အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေ ယူဆပါတယ်။ မြေယာသိမ်းဆည်းတာတွေ၊ လွဲှပြောင်းတာတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ကိစ္စက မြို့ပြနဲ့ကျေးလက်ဖွံ့ဖြိုးရေးကို ကြီးကြပ်ကွပ်ကဲဖို့အတွက် အဓိကကျတယ်လို့ ပါမောက္ခ Cai Jiming က ပြောပါတယ်။

“မြို့ပြတည်ဆောက်မှုက အဓိကအချက်ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြေတွေသိမ်းနေတဲ့လယ်ရှိ စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကို လုပ်ရမှာဖြစ်ပါတယ်။”

မြေယာတွေအသုံးပြုတာကနေ ရရှိလာတဲ့အကျိုးအမြတ်တွေကို လယ်သမားတွေကို ပိုပြီးတော့ ခံစားခွင့်ပေးလိုက်ခြင်းအားဖြင့် ၊ လယ်သမားတွေရဲ့အခွင့်အရေးတွေကိုလည်း အာမခံချက်ပေးလိုက်သလိုဖြစ်စေလိမ့်မယ်လို့ Cai က ရှင်းပြပါတယ်။

“ဒေသခံအစိုးရတွေအနေနဲ့ အခွန်အတွက် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် ကောက်ခံတဲ့အခွန်တွေကို စည်းကြပ်ကောက်ခံသင့်ပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး နဲ့ အခွန်စနစ်ကို ပြောင်းလဲ တဲ့နေရာမှာ ခြေလှမ်းတရပ်ဖြစ်နိုင်ပါတယ်။”

တရုတ်နိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုပုံစံကို ပြောင်းလဲဖို့အတွက် နည်းပညာအသစ်တွေ လိုအပ်ပါတယ်။ ကမ္ဘာကြီးတခုလုံးရဲ့ စက်ရုံအဖြစ် နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ တရုတ်နိုင်ငံအတွက် တန်ဖိုးသတ်မှတ်မှုကို မြင့်တင်ဖို့ကိစ္စမှာ နည်းပညာဟာ အရေးကြီးပါတယ်။ တရုတ်ပြည့်သူ နိုင်ငံရေးအကြံပေးညီလာခံ အဖွဲ့ဝင်ကိုယ်စားလှယ်တဦးဖြစ်တဲ့ Chen Jingwei ကတော့ အခုလို ပြောပါတယ်။

“နည်းပညာဆန်းသစ်တီထွင်မှုတွေက အပိုထုတ်လုပ်နေတာတွေ နဲ့ စွန့်ပစ်လိုက်ရတာတွေကို လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အရေအတွက်ထက် အရည်အသွေးကို အလေးပေးလုပ်ဆောင်တာတွေ ဆက်လုပ်သွားသင့်ပါတယ်။”

တရုတ်အစိုးရရဲ့ ခေတ်မီအစီအစဉ်သစ်က အလုပ်အကိုင်ကျွမ်းကျင်မှုကို မြင့်တက်လာဖို့ ရည်ရွယ်တာဖြစ်ပြီး၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကြားမှာ ဆန်းသစ်တီထွင်မှုတွေကိုလည်း အားပေးလာမှာဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးပိုင်းကလည်း တရုတ်နိုင်ငံ အစိုးရသစ်အတွက် သိသာတဲ့စိန်ခေါ်မှုတခု ဖြစ်စေပြီး၊ တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှုအတွက် သက်သာစေဖို့အတွက် မူဝါဒသစ်တွေ အလျှင်အမြန် လိုအပ်နေပါတယ်လို့ CPPCC အဖွဲ့ဝင် Si Fuchun က ပြောပါတယ်။

“အစိုးရအနေနဲ့ အခုလက်ရှိလုပ်ဖို့ လိုအပ်နေတာက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ တိုက်ဖျက်ဖို့ကိစ္စကို ပိုပြီးအာရုံစိုက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် တရုတ်နိုင်ငံသားတွေဟာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့ ဝေဖန်ပြောဆိုလာနေကြပြီး၊ အတော်များများကလည်း အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့အတွက် တောင်းဆိုလာကြပါတယ်။ ညီလာခံအဖွဲ့ဝင်တဦးဖြစ်တဲ့ Chen Juanguo ကတော့ နည်းပညာတွေက အဂတိလိုက်စားမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့လည်း သမ္မတရှီကျင်းပင် ရဲ့ အလုပ်ကိုသေသေချာချာလုပ်ပြီး အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကိုလက်မခံတဲ့ စိတ်ဓာတ်ကြောင့် တရုတ်ပြည်သူတွေရဲ့မျှော်လင့်ချက် အတိုင်း ဖြစ်လာအောင် တရုတ်ခေါင်းဆောင်တွေကိုလည်း တွန်းအားပေးသွားမှာဖြစ်ပါတယ်။
XS
SM
MD
LG