သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေကြောင့် တရုတ် ဓာတုစက်ရုံ စီမံကိန်း ဆိုင်းငံ့


Zhejing ဒေသ၊ Ningbo မြို့မှာ ဓာတုစက်ရုံ တိုးချဲ့ တည်ဆောက်မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ဒေသခံတချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
Zhejing ဒေသ၊ Ningbo မြို့မှာ ဓာတုစက်ရုံ တိုးချဲ့ တည်ဆောက်မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ဒေသခံတချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ရေနံ ဓာတုစက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကို ဒေသတွင်း လေထု ညစ်ညမ်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်ကြတဲ့ ဒေသခံတွေက ရက်တွေနဲ့ချီ ဆန္ဒပြခဲ့ကြတာမို့ အဲဒီဒေသက အာဏာပိုင်တွေက စီမံကိန်းကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ဘေးဆိုးတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာသုံးသပ်မှုတွေ လုပ်နေချိန်မှာ စီမံကိန်း တိုးချဲ့တည်ဆောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားမယ့်အကြောင်း Ningbo မြို့က မြို့နယ်စည်ပင် အရာရှိတွေက ပြောပါတယ်။ Ningbo မြို့ရဲ့ Zhenhai ကမ်းရုံးတန်းဒေသ မှာ ဆောက်လုပ်မယ့် ရေနံ ချက်စက်ရုံကို တရုတ် ရေနံကုမ္ပဏီကြီးတခုဖြစ်တဲ့ Sinopec ရဲ့ လက်အောက်ခံ ကုမ္ပဏီတခုက ပိုင်တာပါ။

ခုလို ဒေသခံအစိုးရက စီမံကိန်း ရွှေ့ဆိုင်းမှုတွေ ဖြစ်လာတဲ့အထိ ဖြစ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ရက်တွေနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို ထောင်နဲ့ချီတဲ့ Ningbo ဒေသခံတွေက ပူးပေါင်းခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တချို့ ဆန္ဒပြသူတွေ က မော်တော်ကားတွေကို ပြောင်းပြန်လှန်ပြီး ရဲတွေကို မထေမဲ့မြင် လုပ်တာတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ကြသလို ဆန္ဒပြသူတွေကလည်း သူတို့ကို လူစုခွဲခဲ့ဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဓာတုစက်ရုံနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ တိုင်တန်းပြောဆိုမှုတွေကို နားထောင်ဖို့ စနေနေ့ ညပိုင်းက ဒေသခံတွေကို Ningbo မြို့တော်ဝန်နဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲတို့ က တွေ့ဆုံခဲ့တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသအစိုးရ အနေနဲ့ ဒီ စီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းမလား၊ ဒါမှမဟုတ် လူထုရဲ့ ဖိအားတွေ မရှိတော့တဲ့အခါ ဒီ စီမံကိန်းကို ပြန်စမလား ဆိုတာ လောလောဆယ် သေသေချာချာ မသိရသေးပါဘူး။
XS
SM
MD
LG