သုံးရလွယ်ကူစေသည့် Link များ

တရုတ်ဇီချွမ်ငလျင် လူပေါင်းရာကျော်သေဆုံး


ဇီချွမ် ငလျင်အပျက်အစီးတချို့ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
ဇီချွမ် ငလျင်အပျက်အစီးတချို့ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
တရုတ်နိုင်ငံ ဇီချွမ်ဒေသအနောက်ပိုင်းမှာ စနေနေ့မနက်ပိုင်းက လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် လူ ၁၁၃ ဦးထက်မနည်း သေဆုံးပြီး ၂,၆၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တရုတ်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်မှု တိုးလုပ်နေပြီး ရုပ်အလောင်းတွေ ရှာတွေ့လာတာနဲ့အမျှ သေဆုံးသူဦးရေ တိုးလာတယ်လို့ အစိုးရအာဘော် Xinghua သတင်းဌာနက ပြောဆိုပါတယ်။

ငလျင်ဒဏ် ပြင်းပြင်းထန်ထန်ခံရတဲ့ Lushan ဒေသမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး လမ်းပန်းဆက်သွယ်ရေး ခက်တာကြောင့် ခုထက်ထိလက်လှမ်းမမီသေးဘူးလို့ အစိုးရသတင်းတွေက ဖော်ပြပါတယ်။ လူနေအိမ်တွေပျက်စီးပြီး တချို့ရွာတွေနဲ့ မြို့နယ်တွေမှာ ပြိုကျပျက်စီးပြီး အဆောက်အဦးတွေ ပြားချပ်ကုန်တာကို တရုပ်စစ်တပ်ကထုတ်ပြန်တဲ့ ဒေသ ဧရိယာ ဓာတ်ပုံတွေနဲ့ အစိုးရရုပ်မြင်သံကြားမှာ တွေ့မြင်ကြရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို စောင့်ကြပ်ကြည့်ရှုဖို့ ငလျင်ဘေးသင့်ဒေသတွေကို တရုတ်ဝန်ကြီးချုပ် Li Keqiang သွားရောက်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒ လေ့လာရေး စစ်တမ်းအရ ပြင်းအား ၆.၆ ရှိတယ်လို့ဆိုပြီး တရုတ် ငလျင်တိုင်းထွာရေး စစ်တမ်းအရ ပြင်းအား ၇ ရှိတဲ့ငလျင်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မြေအောက် ၇ မိုင်အနက်လောက်ထိ ငလျင်ဒဏ်ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။

အရှေ့ဘက် မိုင် ၇၀ ကျော်လောက်မှာရှိတဲ့ ပြည်နယ်မြို့တော် Chendu မှာ လည်း အဆောက်အဦးတော်တော်များများ ငလျင်ဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း တရုတ်နိုင်ငံ ဇီချွမ် ဒေသမှာ ပြင်းအားကြီး ငလျင်ကြောင့် လူ ခုနှစ်သောင်းကျော် အသက်ဆုံးခဲ့ရပါတယ်။
XS
SM
MD
LG