သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြေငလျင်တွေကြောင့် လူအနည်းဆုံး ၇၅ ဦးသေ


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ငလျင် ၂ ခု လှုပ်သွားခဲ့ပြီး အနဲဆုံး လူ ၇၅ ဦးသေဆုံးသွားတဲ့ ဒေသကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ သွားနေကြပေမဲ့ လမ်းမှာ မြေပြိုထားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်နေပါတယ်။
ပထမလှုပ်တဲ့ ငလျင်ကတော့ တနင်္လာနေ့ မနက်အစောပိုင်း ၇ နာရီ ၄၅ မိနစ်လောက်က Gansu ပြည်နယ်၊ Dingxi မြို့မှာ လှုပ်သွားခဲ့တာဖြစ်ပြီး ပြင်းအား ၅ ဒဿမ ၉ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။ ငလျင်ဟာ မြေအောက် ၁၀ ကီလိုမီတလောက်ကို ဗဟိုပြုပြီး လှုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ပြင်းအား ၅ ဒဿမ ၆ ရှိတဲ့ ဒုတိယ ငလျင်ကတော့ အဲဒီ ဒေသမှာပဲ မြောက်အောက် အနက်တူတူလောက်မှာ လှုပ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီ ငလျင်တွေလှုပ်ပြီး နောက်ဆက်တွဲ ငလျင်ငယ် ၄၀၀ လောက် လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် ရွှံ့နဲ့ဆောက်ထားတဲ့ အိမ်တွေ ထောင်နဲ့ချီပြီး ပျက်ဆီးနေတဲ့ အဲဒီဒေသကို တရုတ် ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့အတွက် သွားနေကြပေမဲ့လည်း ငလျင်ကြောင့် မြေပြိုထားတာနဲ့ အဲဒီဒေသမှာ အရင်ရက်တွေက မိုးများပြီး တောင်ပြိုထားတဲ့ ဒဏ်တွေကြောင့် လမ်းတွေ ပိတ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အနည်းဆုံး လူ ၁၄ ယောက်လောက်လည်း ပျောက်နေတယ်လို့ ဆိုပါတယ်။
အဆောက်အဦးတွေကို ပိုပြီး ခိုင်မာအောင် တည်ဆောက်ထားတဲ့ မြို့ပြနေရာတွေမှာတော့ အပျက်အဆီး မရှိလှဘူးလို့ ဆိုပါတယ်။ ငလျင်ဒဏ် ခံကြရတဲ့ ဒေသခံတွေအတွက် ဂျက်ကက်အင်္ကျီတွေ၊ တဲထိုးတဲ့ပစ္စည်းတွေ ပို့ထားတယ်လို့လည်း တရုတ် ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အနောက်ဘက်ခြမ်း ဒေသဟာ ငလျင်ဒဏ် မကြာခဏ ခံရလေ့ ရှိပါတယ်။
XS
SM
MD
LG