သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားကျဆင်းမှု မြန်မာအပေါ် ဂယက်ရိုက်နိုင်


ရင်နှီးမြုှပ်နှံသူများ စတော့ဈေးကွက်ကို စောင့်ကြည့်နေစဉ် (ရှန်ဟိုင်း ဇူလိုင် ၈၊ ၂၀၁၅)
ရင်နှီးမြုှပ်နှံသူများ စတော့ဈေးကွက်ကို စောင့်ကြည့်နေစဉ် (ရှန်ဟိုင်း ဇူလိုင် ၈၊ ၂၀၁၅)

တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေး အညွန်းကိန်းတွေ အင်္ဂါနေ့က ၇.၆% အထိ ထပ်မံ ထိုးကျသွားခဲ့ ပြန်ပါတယ်။ ဒါဟာ ၈ လအတွင်း အနိမ့်ဆုံးကို ကျသွားတာလည်း ဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ဒုတိယ စီးပွားအင်အားကြီးနိုင်ငံရဲ့ အစုရှယ်ယာဈေးတွေ ထိုးကျမှုဟာ တကမ္ဘာလုံးကို ရိုက်ခတ်စေခဲ့ပါတယ်။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ မြန်မာနိုင်ငံမှာရော ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ ဆိုတာကို စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားကုန်သွယ်ဘက် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြည်ပပို့ကုန်တွေ ကျဆင်းပြီး စီးပွားရေးဖွံံ့ဖြိုးမှု ကျဆင်းလာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးတွေ ဇူလိုင်လအတွင်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် သြဂုတ်လအတွင်းမှာလည်း အစုရှယ်ယာဈေးတွေ ထပ်မံ ကျဆင်းခဲ့ပြန်တဲ့အတွက် စီးပွားရေး ပြန်လည် ဦးမော့လာရေးကို အထောက်အကူပြုစေမယ့် ပြည်ပပို့ကုန် မြင့်တက်လာအောင် လုပ်ဆောင်တဲ့အနေနဲ့ ယွမ်ငွေတန်ဖိုးကို တရုတ်အစိုးရက ရုတ်တရက် ချလိုက်ပါတယ်။

တရုတ်အစိုးရရဲ့ အဲဒီလို လုပ်ဆောင်ချက်ကြောင့် တခြား အာရှတိုက်အတွင်းက အဓိက အစုရှယ်ယာဈေးကွက်တွေနဲ့ အမေရိကန်၊ ဥရောပတိုက်တို့က အဓိက အစုရှယ်ယာဈေးတွေလည်း တဟုန်ထိုး ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းဟာ တဒေါ်လာကို ၁,၃၀၀ ကျပ်အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှာ စီးပွားကျဆင်းနေတာရဲ့ ဂယက် ရိုက်ခတ်မှုကြောင့် ဖြစ်နိုင်မလားလို့ မေးကြည့်တဲ့အခါ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက အခုလို စဖြေပါတယ်။

အဖြေ - ဖြစ်နိုင်ပါတယ်ခင်ဗျာ။ ဒေါ်လာဈေးကလည်း ပိုပြီးတော့တောင် တန်ဖိုးမြင့်သထက် မြင့်လာတဲ့ သဘောရှိတယ်။ ဆိုလိုတာက အမေရိကန်ရဲ့ စီးပွားရေးက အခိုင်ဆုံးလို ဖြစ်နေတဲ့သဘောလို့ ယူဆလို့ ရပါတယ်။ အဲတော့ တကမ္ဘာလုံးကသာ ဒေါ်လာကိုပဲ လက်ကိုင်ထား သုံးနေတဲ့အခါမှာသာ ဒေါ်လာဈေး တန်ဖိုးမြင့်လာတယ်လို့ ပြောလို့ရပါတယ်။အဲဒီတော့ ကျနော်တို့ (ကျပ်)ဈေး တန်ဖိုးနိမ့်သွားတာထက် ဒေါ်လာဈေး တန်ဖိုးမြင့်လာတယ်လို့ အခုတလော ဖြစ်နေတယ်လို့ ပြောလို့ရတယ်။

အမေး - ဟုတ်ကဲ့။ ဒီအတွက်ကော ဗဟိုဘဏ်အနေနဲ့ကော ဒီလိုမျိုး ကဏ္ဍတွေမှာ ဘယ်လို အခုလိုမျိုး ဖြစ်နေတဲ့ ဈေးကွက်မှာ နဲနဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ဥစ္စာကို ဗဟိုဘဏ်အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေများ ပါသင့်တယ်လို့ ထင်ပါသလဲ။

အဖြေ - ဗဟိုဘဏ်က အခုဆောင်ရွက်နေတဲ့ ကိစ္စတွေက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု သူ့ ရှိသင့်ရှိထိုက်တဲ့၊ ပြောသင့်ပြောထိုက်တဲ့ ဒီဗဟိုဘဏ်ရဲ့ Policy တွေ၊ မူဝါဒတွေကို အမြဲ ရှင်းလင်း တင်ပြတယ်။ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်တယ်။ ပြီးရင်လည်း ဈေးကွက်အတိုင်းပဲ ထိန်းညှိပေးသွားတယ် ဆိုတဲ့ကိစ္စတွေက ဒါဟာ ကောင်းတဲ့ကိစ္စတွေ ဖြစ်ပါတယ်ခင်ဗျာ။ အဲဒီတော့ အဓိကကတော့ ကျနော်တို့ စီးပွားရေးကို ပိုပြီး ဦးမော့အောင် လုပ်ဖို့ကိစ္စတွေက ဘဏ္ဍာရေးဝန်ကြီးဌာန ဘက်ကလည်း ဒါ စဉ်းစားရမယ့် ကိစ္စတွေပေါ့နော်။ တခြားဘယ်နည်းနဲ့ ဘယ်ကဏ္ဍတွေကို ဘယ်လို ပံ့ပိုးပေးရင်တော့ဖြင့် ဘယ်စီးပွားရေး ဦးမော့အောင် ဆောင်ရွက်နိုင်သလဲ ဆိုတဲ့ကိစ္စဟာ ဒါ အစိုးရပိုင်းနဲ့ ပိုပြီးဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ဗဟိုဘဏ်ကတော့ သူ့နည်း သူ့ဟန်နဲ့ လွတ်လွတ်လပ်လပ် သူ့ရဲ့မူအတိုင်းဘဲ ထိန်းညှိပေးနေတဲ့ဟာက ဒါ အခုအချိန်မှာ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။

အမေး - တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်၊ တရုတ်နဲ့ စီးပွားရေး ဆက်သွယ်မှု အကြီးဆုံး နိုင်ငံလည်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ စီးပွားရေးဆက်သွယ်မှု အကြီးဆုံးနိုင်ငံလည်း ဖြစ်တယ်ဆိုတော့ မြန်မာအစိုးရအတွက်ကော အခုလို တရုတ်ပြည်မှာ စီးပွားရေး မတည်မငြိမ် ဖြစ်နေတာတွေက ဘယ်လောက်ထိများ စိုးရိမ်စရာ ဖြစ်နိုင်မလဲ။

အဖြေ - စိုးရိမ်ဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီတရုတ်နိုင်ငံဟာ ကျနော်တို့ဆီက ဒီ အဓိက ကုန်ပစ္စည်းတွေ ဝယ်နေတဲ့ နိုင်ငံလည်းဖြစ်သလို၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆောင်ရွက်နေတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်ပြီးတော့ တရားမဝင်တဲ့ လမ်းကြောင်းတွေကနေ ရင်းနှီးမြှုပ်နှံမှု အများကြီး ရှိနေတဲ့ နိုင်ငံတခုဖြစ်တော့ သူ့နိုင်ငံ စီးပွားရေးထိခိုက်ရင် ဒါ ကျနော်တို့ နိုင်ငံအတွက်လည်း ဒါဟာအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့မှာ ပိုပြီး အရေးတကြီး ထည့်သွင်း စဉ်းစားရမယ့် ကိစ္စက ဒီရေဘေးသင့် ဒေသတွေနဲ့ ရေထိခိုက်သွားတဲ့ စိုက်ပျိုးမွေးမြူရေး ကျေးလက်ဒေသတွေမှာရှိတဲ့ လူတွေရဲ့ ဝင်ငွေတွေ ပြန်ပြီးတော့ တက်လာအောင် လုပ်ဖို့ဆိုတဲ့ အစီအစဉ်ကောင်းတွေလည်း စနစ်တကျ ချပေးဖို့ လိုအပ်နေပါတယ်။ ဒါကတော့ ပိုပြီးတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကြောင့် ဖြစ်လာမယ့် ဂယက်ထက် ကျနော်တို့ ပြည်တွင်းမှာ သဘာဝဘေးဒဏ်ကြောင့် ဖြစ်လာမယ့် စီးပွားရေးဂယက်ဟာ ပိုပြီးတော့ ကြီးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

အင်္ဂါနေ့က ဟောင်ကောင် အပါအဝင် အာရှဒေသတွင်း နိုင်ငံတွေက အစုရှယ်ယာ အညွန်းကိန်းတွေ အနည်းငယ် ပြန်တက်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံက အဓိက အစုရှယ်ဈေးကွက်ဖြစ်တဲ့ Dow Jones အစုရှယ်ယာဈေးကတော့ ၁.၂၉% ကျသွားခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ငွေလဲလှယ်နှုန်းဟာ တဒေါ်လာကို ၁,၂၈၀ ကျပ် ကျော်ကျော်လောက် ပေါက်ကြောင်း ဖော်ပြထားပါတယ်ခင်ဗျား။

XS
SM
MD
LG