သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ မနေ့တုန်းက SUV ကားတစင်းနဲ့ ဝင်တိုက်မိရာက မီးလောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ Xinjiang ဒေသက သံသယရှိသူ ၂ ယောက်ကို ရဲတွေက လိုက်လံ စုံစမ်းနေပါတယ်။

လူ ၅ ဦးသေဆုံးပြီး ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စုံစမ်းနေသလို၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ ပြောဆိုခဲ့တာပါ။

မီးလောင်မှု ဖြစ်ပွားအပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ဝီဂါလူမျိုးစုတွေ သုံးလေ့ရှိတဲ့ နာမည်နဲ့ လူ ၂ ယောက် တည်းခိုခဲ့တာ ရှိမရှိ အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားထားတဲ့အကြောင်း ဘေဂျင်းမြို့က ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း သေဆုံးသွားကြတဲ့ ကားပေါ်မှာ ပါလာသူ ၃ ယောက်နဲ့ လမ်းသွားလမ်းလာ ၂ ယောက် စုစုပေါင်း ၅ ဦးထဲမှာ သံသယရှိသူတွေ ပါဝင်သလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

နာမည်ကျော် Tiananmen ရင်ပြင်အနီးက လူစည်ကားရာ လမ်းပေါ်ကနေ လူသွားလမ်းပေါ်ကို မောင်းလာတဲ့ကားဟာ လူအုပ်ကိုဝင်တိုက်ခဲ့ပြီး အနားမှာရှိနေတဲ့ ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်းရဲ့ ဓာတ်ပုံကြီးကိုပါ မီးစွဲလောင်ခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မျက်မြင်တွေ့သူတွေကတော့ မီးတောက်တွေ မီးခိုးတွေ ထွက်မလာခင်မှာ ပေါက်ကွဲသံတခု ကြားရတယ်လို့ ပြောပါတယ်။ ဒီနောက်မှာတော့ အာဏာပိုင်တွေ ချက်ခြင်းဆိုသလို ရောက်လာပြီး၊ အခင်းဖြစ်ပွားတဲ့နေရာ အနီးတဝိုက်က လူတွေကို ရှင်းလင်းခဲ့တာပါ။

ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တစုံတရာ ပြောဆိုတာမျိုး မရှိသလို၊ ဖြစ်ပျက်ခဲ့တာကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း တရုတ်အင်တာနက် လူမှုကွန်ယက်တခုဖြစ်တဲ့ Weibo ပေါ်ကနေ နောက်ပိုင်းမှာ ပြန်ဖြုတ်ပစ်ခဲ့ပါတယ်။
XS
SM
MD
LG