သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကာကွယ်ရေး အစီရင်ခံစာ တရုတ်အပေါ်ဝေဖန်


ဒေသတွင်းမှာ သြဇာချိန်ခွင်လျှာ အပြောင်းအလဲတွေ ဖြစ်လာအောင် တရုတ်နိုင်ငံဟာ အင်အားပြတဲ့ လုပ်ရပ်တွေကို တိုးမြှင့် လုပ်ဆောင် လာနေတဲ့အကြောင်း အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ ဂျပန်နိုင်ငံရဲ့ နှစ်စဉ် ကာကွယ်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကာလကြာရှည် အငြင်းပွားနေတဲ့ ကျွန်းတွေကို နိုင်ငံပိုင်အဖြစ် ဂျပန်နိုင်ငံက စက်တင်ဘာလမှာ ကြေညာခဲ့ချိန်ကစလို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတွေမှာလည်း ပိုမိုဆိုးရွားလာနေတာပါ။

ဂျပန်နိုင်ငံက အုပ်ချုပ်နေတဲ့ ကျွန်းစုတွေရှိရာ ဒေသအနီးကိုလည်း တရုတ်နိုင်ငံက ကင်းလှည့်သင်္ဘောတွေကို ပုံမှန်လိုလို စေလွှတ်နေတာ ဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေး အစီရင်ခံစာကတော့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ အန္တရာယ်များလွန်းပြီး၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်စရာတွေ ပေါ်ပေါက်လာစေနိုင်တဲ့ နောင်တရစရာ အဖြစ်နဲ့လည်း ဖော်ပြထားတာပါ။

အထူးသဖြင့်ကတော့ တရုတ် ရေတပ်သင်္ဘောတစင်းက ဂျပန်ဖျက်သင်္ဘောတစင်းကို ရေဒါနဲ့ထောက်လှမ်းပြီး ပစ်ခတ်ဖို့ ချိန်ရွယ်ခဲ့တယ်ဆိုတဲ့ ဇန်နဝါရီလထဲက အဖြစ်အပျက်ကို ဝေဖန်ထားပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဂျပန်နိုင်ငံဘက်က စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့ အင်္ဂါနေ့မှာပဲ တုံ့ပြန်ခဲ့တာပါ။

ဂျပန်နိုင်ငံက နိုင်ငံရေး အင်အားစု တချို့ဟာ စစ်အင်အား ခိုင်မာတောင့်တင်းပြီး စစ်အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ လှုံ့ဆော်ကြိုးပမ်းနေတယ်လို့လည်း တရုတ်နိုင်ငံက ပြန်လည် စွပ်စွဲခဲ့ပါတယ်။
XS
SM
MD
LG