သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 တောင်တရုတ်ပင်လယ်ကြေညာချက် တရုတ်အမျက်ထွက်


G-7 နိုင်ငံခြားရေးဝန်ကြီးများ Hiroshima ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံအတွင်း တွေ့ရစဉ်။
G-7 နိုင်ငံခြားရေးဝန်ကြီးများ Hiroshima ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံအတွင်း တွေ့ရစဉ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် စိုးရိမ် ပူပန်ကြောင်း G-7 လို့ခေါ်တဲ့ စက်မှု ဖွံ့ဖြိုးတိုးတက်တဲ့ ထိပ်တန်း (၇) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ထဲ့သွင်း ဖော်ပြထားတာကို တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန် လိုက်ပါတယ်။

G-7 နိုင်ငံတွေရဲ့ ကြေညာချက်ဟာ ပင်လယ်ပြင်ဆိုင်ရာ အငြင်းပွားမှု ကြီးထွားလာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က ကြေညာချက်ထုတ်ပြန် စွပ်စွဲလိုက်ပြီး တရုတ်နိုင်ငံအနေနဲ့ G-7 ရဲ့ အခုလို ပြောဆိုမှုအပေါ် ပြင်းထန်စွာ မကျေနပ်မိကြောင်း ပြောပါတယ်။

ဒါ့အပြင် G-7 နိုင်ငံတွေအနေနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ကြိုးပမ်း အားထုတ်မှုကို လေးစားသမှု ပြုသင့်ကြောင်း၊ တာဝန်မဲ့တဲ့ စကားလုံးတွေနဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိရေးကို ဖြစ်ပေါ်စေအောင် အပြုသဘောဆန်စွာ လုပ်ဆောင်သင့်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ အခုသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ G-7 စည်းဝေးပွဲက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ - ခြိမ်းချောက်မှု၊ နိုင်ထက်စီးနင်း ပြုကျင့်မှု၊ လက်ရှိ အနေအထားတွေကနေ ပြောင်းလဲမှုတွေဖြစ်ပေါ်စေမယ့် တဖက်သတ် ရန်လိုတဲ့ အပြုအမှုတွေ လုပ်ဆောင်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ နိုင်ငံအားလုံးတို့အနေနဲ့ ကျွန်းတုတွေ တည်ဆောက်တာတွေ၊ အဲဒီ ကျွန်းတွေပေါ်မှာ ကင်းစခန်းတွေ တည်ဆောက်ပြီး စစ်ဖက်အတွက် အသုံးပြုမှုတွေ ရှောင်ကျဉ်ဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG