သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းခံရသူ သူ့နိုင်ငံသားတွေအတွက် ဥပဒေအတိုင်းဖြစ်ဖို့ တရုတ်တိုက်တွန်း


မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)
မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ မကြာသေးခင်တုန်းက တရားမဝင် သစ်ထုတ်လုပ်မှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ထားဖို့နဲ့ တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လတ်တလောမှာ ဖမ်းဆီးခံထားရသူတွေရဲ့လုံခြုံရေးနဲ့ ဥပဒေအရခံစားခွင့်တွေပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။ မြန်မာအစိုးရတာဝန်ရှိသူတွေက ကချင်ပြည်နယ်တွင်းက သစ်မှောင်ခိုလုပ်ငန်းတွေနဲ့ဆက်နွယ်ပြီး တရုတ်နိုင်ငံသား ၁၂၀ လောက်ကို ဖမ်းဆီးထားတဲ့အကြောင်း ကြေညာထားတာပါ။

မြန်မာအာဏာပိုင်တွေဖက်ကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မကင်းတဲ့သဘောထားတွေကို အလေးထားပြီး အမှုမှာပါဝင် ပတ်သက်နေသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာဖြစ်တယ်လို့ တုံ့ပြန်ချက်ရရှိထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက တာဝန်ရှိသူတွေက အမှုနဲ့ပတ်သက်လို့ လိုက်ပါ ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒီအတောအတွင်း မကြာသေးခင် ရက်ပိုင်းတွေကစလို့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေထဲမှာ တရုတ်နိုင်ငံသား အများအပြားလည်း ပါဝင်နေတဲ့အကြောင်း တရုတ်ကွန်မြူနစ် ပါတီအာဘော် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG