သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေး ကတိတွေနဲ့ တရုတ်လွှတ်တော်ညီလာခံစတင်


တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မိန့်ခွန်းပြောကြားစဉ် (၅ မတ်လ ၂၀၁၃)
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မိန့်ခွန်းပြောကြားစဉ် (၅ မတ်လ ၂၀၁၃)
တရုတ်နိုင်ငံမှာ ကျင်းပနေဆဲ နှစ်ပတ်လည် ပါလီမန်ညီလာခံအတွင်း တရုတ်အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ပိုမို ကောင်းမွန်လာစေဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။

၁၃ ရက်ကြာ ကျင်းပတဲ့ အမျိုးသားပြည်သူ့လွှတ်တော် ကွန်ဂရက် ညီလာခံကြီးကို လုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ကျင်းပနေတာဖြစ်ပြီး၊ အဲ့ဒီညီလာခံ ကြီးကို နိုင်ငံနဲ့တဝှမ်းက ကိုယ်စားလှယ်တွေ ထောင်နဲ့ချီပြီးတော့ တက်ရောက်နေကြပါတယ်။

ဒီညီလာခံကြီးအတွင်း တရုတ်နိုင်ငံမှာ ၁၀ နှစ် တကြိမ် ပြုလုပ်လေ့ရှိတဲ့ နိုင်ငံ့ခေါင်းဆောင် အပြောင်းလဲကိုလည်း ထုတ်ပြန်ဖို့ ရှိပါတယ်။

ညီလာခံအဖွင့်မှာ ခေါင်းဆောင်ရာထူးကနေ ဆင်းပေးတော့မယ့် ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က သူ့အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြတဲ့ မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အခက်ခဲဆုံး ရင်ဆိုင်ရမှာက ချိန်ခွင်လျှာ မညီမျှ ဖြစ်နေတဲ့ စီးပွား ဖွံ့ဖြိုးတိုးတက်နေမှုကို ပြုပြင်ရတဲ့အရေးနဲ့ လူတွေရဲ့ ဝင်ငွေ ကွာဟမှု အရေးကိစ္စတွေ ဖြစ်တယ်လို့ ဝမ်ကျားပေါင် (Wen Jiabao) က ပြောပါတယ်။

အခုနှစ် တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ မနှစ်ကလိုပဲ ၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိဖို့ ရည်ရွယ်ထားတဲ့အကြောင်းလည်း မစ္စတာ ဝမ်ကျားပေါင် (Wen Jiabao) က ပြောဆိုသွားပါတယ်။

အစိုးရအနေနဲ့ ငွေကြေးဖေါင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး ကာကွယ်ရေး အသုံးစရိတ်ကို ၁၁ ရာခိုင်နှုန်း တိုးမြှင့်မှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
XS
SM
MD
LG