တိဘက်ဘုန်းတော်ကြီး Dalai Lama ကို ဘယ်တိုင်းပြည်က ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံတာမျိုးကို လက်ခံမှာမဟုတ်တဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နိုင်ငံတော် ဝတ်ပြုဆုတောင်း မနက်စာစားပွဲ အခမ်းအနားကို သမ္မတ Barack Obama နဲ့ တိဘက်ဘာသာရေးခေါင်းဆောင် Dalai Lama တို့လည်း တက်ရောက်ကြမှာဖြစ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ကြေညာခဲ့ပြီးနောက်မှာပဲ တရုတ်နိုင်ငံရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။
အမေရိကန်အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ရှုပြီး ဒီကိစ္စကိုကိုင်တွယ်ဖို့ ဘေဂျင်းမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျင်းပမယ့် ဆုတောင်းမနက်စာစားပွဲမှာ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ အရေးပါပုံကို သမ္မတအိုဘားမား မိန့်ခွန်းပြောမှာဖြစ်တဲ့အကြောင်း အိမ်ဖြူတော်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာထားတာပါ။
တိဘက်ဘုန်းတော်ကြီး Dalai Lama ဟာလည်း အခမ်းအနားကို တက်ရောက်မှာဖြစ်ပေမဲ့ သမ္မတအိုဘားမားနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ အစီအစဉ် ရှိမရှိ ဆိုတာကိုတော့ အမေရိကန်အစိုးရက တရားဝင် ကြေညာတာမျိုးမရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ဘုန်းတော်ကြီး Dalai Lama ကို တတိယအကြိမ်အဖြစ် သမ္မတ အိုဘားမား လက်ခံတွေ့ဆုံရာမှာတော့ တရုတ်အစိုးရက ဒေါသထွက်ခဲ့တာပါ။
တရုတ်အစိုးရကတော့ ဘုန်းတော်ကြီး Dalai Lama ကို တိဘက်ဒေသ ခွဲထွက်ရေး အတွက်လှုပ်ရှားနေတဲ့ အန္တရာယ်ရှိသူတဦးအဖြစ်သာ သဘောထားနေတာလည်း ဖြစ်ပါတယ်။