သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် အပစ်ရပ်မှု တရုတ်ကြိုဆို


MNDAA ကိုးကန့်တပ်ဖွဲ့ဝင်။
MNDAA ကိုးကန့်တပ်ဖွဲ့ဝင်။

MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ကနေ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဖက်သတ် အပစ်ရပ်လိုက်ပြီလို့ ကြေညာလိုက်တဲ့အပေါ် နယ်ချင်းစပ် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပြီး၊ ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဖက် တွေ့ဆုံ စကားပြောကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရဖက်ကတော့ ကိုးကန့်တို့ရဲ့ လှုပ်ရှားမှုကို သံသယနဲ့ စောင့်ကြည့်ပြီးမှ၊ ဘာဆက်လုပ်မလဲ ဆုံးဖြတ်မယ်လို့ ပြောနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး အကြောင်းစုံ ပြောပြမှာပါ။

မြန်မာနိုင်ငံ အရှေ့မြောက်ဖက်ပိုင်း တရုတ်နဲ့နယ်ချင်းစပ်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေကို MNDAA ကိုးကန့်တပ်ဖက်က တဖက်သတ် အပစ်ရပ်လိုက်တယ် ဆိုတဲ့ သိရှိထားပြီး၊ ဒီလုပ်ရပ်အပေါ်မှာ ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက ပြောလိုက်တာပါ။ ဒီလိုအခြေအနေမှာ ပဋိပက္ခကို အဆုံးသတ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရစေဖို့အတွက် နှစ်ဖက် တွေ့ဆုံ စကားပြောကြဖို့ကိုလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ တရုတ်-မြန်မာနယ်စပ်မှာ တည်ငြိမ်အေးချမ်းပြီး ပုံမှန် အခြေ အနေတွေပြန်ရောက်စေ ဖို့နဲ့ ပဋိပက္ခကို လုံး၀ အဆုံးသတ်နိုင် ဖို့ နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပြီး၊ တွေ့ဆုံ စကားပြောကြမယ်လို့ မျှော်လင့်ပါတယ်။”

ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့အမျှ ကိုးကန့်ဒေသမှာ ရွေးကောက်ပွဲ လုပ်နိုင် ဖို့၊ ပြဿနာကို ပြေပြေလည်လည် ရှင်းနိုင်ဖို့အပြင် နယ်စပ်ဒေသတည်ငြိမ်ရေး တရုတ်နိုင်ငံရဲ့ပြင်းပြတဲ့တောင်းဆိုမှုကြောင့် အခုလို အပစ်ရပ်စဲတာလို့ ဆိုထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖြစ်လာဖို့ အကူအညီပေးသွားမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

“ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေဖြစ်လာဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကနေ မတူကွဲပြားချက်တွေကို ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ထောက်ခံကူညီမှာပါ။ ဒါ့အပြင် တရုတ်မြန်မာနယ်စပ် တလျှောက် တည်ငြိမ်းအေးချမ်းတဲ့ ဝန်းကျင်အခြေအနေ ဖန်တီးထားနိုင်ဖို့လည်း တရုတ်ဖက်က လိုလားပါတယ်။”

မြန်မာအစိုးရဖက်ကတော့ ကိုးကန့်ဖက်ကအခုလို တဖက်သတ် အပစ်ရပ်တယ် ဆိုတဲ့အပေါ်မှာ သံသယရှိနေတုန်းပါ။ သူတို့အနေနဲ့ လက်တွေ့မြေပြင် အခြေအနေကို စောင့်ကြည့်ပြီးမှာ အဖြေထုတ်နိုင်မယ်လို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဋ္ဌေးက ပြောပါတယ်။

"သူတို့ရဲ့ကြေညာချက်ထဲမှာ လက်နက်ကိုင်ထားမယ်လို့ ပြောထားတယ်ပေါ့နော်။ သူတို့ မြေပြင်တပ်တွေရဲ့ လှုပ်ရှားမှုရယ် သူတို့ကြေညာချက်ရဲ့အမှန်တကယ် ရည်ရွယ်ချက်ပေါ့နော် ဒါတွေကို ဘယ်လိုလဲဆိုတာ ကျနော်တို့ အခု လောလောဆယ် စောင့်ကြည့်နေတယ်။ အဲ့ဒီ့လို စောင့်ကြည့်ပြီးမှပဲ ကျနော်တို့ လူကြီးတွေ ဆုံးဖြတ်မှာပေါ့။"

ကိုသားညွန့်ဦး။ ။ အခုကိစ္စမှာ တရုတ်နိုင်ငံခြားရေးဌာန ကလည်း ပြောလာပြီဆိုတော့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု တစုံတရာပါတယ်လို့ ယူဆမှုတွေရှိပါတယ်။ ဦးဇော်ဋ္ဌေး ရဲ့ အမြင်ရော ဘယ်လိုရှိပါလဲ။

"အဲ့သူ့ဖော်ပြချက်မှာ ပါပြီးသားဗျ။ တရုတ်နိုင်ငံမှ တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် ပြင်းပျသည့် တောင်းဆိုမှုဆိုတဲ့ စကားလုံး ပါတယ်ခင်ဗျ အဲ့တာတော့ ကိုးကန့်ကိုယ်တိုင်က ကြေညာချက်မှာ ဖော်ပြထားပြီးသားပဲဖြစ်ပါတယ်။ အဲ့မေးခွန်းက။"

ကိုသားညွန့်ဦး။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရော တရုတ်နိုင်ငံက သူ့နယ်စပ်ပြဿနာလည်းဖြစ် နယ်စပ်နဲ့လည်း နီးနေတော့ ကိုးကန့်နဲ့ဖြစ်တဲ့ လက်နက်ကိုင်ပြဿနာနဲ့ပတ်သက်လို့ ကြားဝင်လာနိုင်တဲ့အနေအထားမျိုး ရှိလား။

"ကြားဝင်လာနိုင်တဲ့ အနေအထားဆိုတာ ကျနော်တို့အနေနဲ့ အစဉ်တစိုက် ပြော ထားပြီးသားပေါ့နော်။ ဒီသောင်းကျန်းသူ ကိစ္စမှာ တရုတ် အစိုးရအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးပေါ့နော်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ပါဝင် ပတ်သက်ခြင်း မရှိ ဝင်စွက်ဖက်ခြင်းမရှိ ဆိုတဲ့ ပြောကြားချက် အာမခံချက်ကို လက်ခံတယ်။ ယုံကြည်တယ်။ သို့သော် တရုတ်နိုင်ငံ ဒီပြည်တွင်းမှာ အောက်ခြေမှာ ဒီယူနန်ပြည်နယ်ထဲမှာ ဆက်စပ်နေတဲ့ သစ်ရယ်၊ ကျောက်စိမ်းရယ်၊ နောက် အထူးသဖြင့် မူးယစ်ဆေးဝါးပေါ့ အဲ့ကိစ္စတွေမှာ ဆက်နွယ်ပတ်သက်နေတဲ့ အကျိုးစီးပွား သေချာပေါက်ပါနေတယ်ဆိုတာတော့ ဒီဖြစ်စဉ်တွေရဲ့ အနေအထား စစ်ဆင်ရေးအခြေအနေ ဒါတွေကို ကြည့်ပြီး သုံးသပ်နိုင်ပါတယ်။"

ကိုးကန့်ထုတ်ပြန်ချက်ထဲမှာပဲ သူတို့အနေနဲ့ တဖက်သတ် စစ်ရပ်စဲတယ်ဆိုပေမယ့်၊ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့အခွင့်အရေးကို ဆက်ကိုင်စွဲထားမယ်ဆိုတာကြောင့် လက်နက် ဆက်ကိုင်ထားမယ်ဆိုတဲ့ သဘောတော့ သက်ရောက်ပါတယ်။ ကိုးကန့်ရဲ့အခုလို တဖက်သတ် စစ်ရပ်စဲရေးလုပ်တဲ့အပေါ် ဒါဟာ တရုတ်နိုင်ငံဖက်က ဖိအား အများစု ပါနိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။

မကြာသေးခင်ကတော့ ကရင်ပြည်နယ် လော်ခီးလာမှာလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေရဲ့ ညီလာခံကို တရုတ်နိုင်ငံဖက် ကိုယ်စားလှယ်စေ လွှတ်ပြီး လေ့လာတာမျိုးရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ အလားတူ ငြိမ်းချမ်းရေး လုပ်ငန်းမျိုးတွေမှာ တတ်တတ်ကြွကြွ ပါဝင်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဌာနက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

XS
SM
MD
LG