သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အိမ်နီးချင်းများ ရေရရှိဖို့ တရုတ်ဆည် ဖောက်ပေးမည်


ထိုင်းနိုင်ငံ Chai Nat ဒေသတွင် မိုးခေါင်ရေရှားဖြစ်နေပုံ။
ထိုင်းနိုင်ငံ Chai Nat ဒေသတွင် မိုးခေါင်ရေရှားဖြစ်နေပုံ။

မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ကြုံနေရတဲ့ မိုးခေါင်ရေရှားမှုပြဿနာ သက်သာရာရစေဖို့အတွက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ဆည်တခုကနေ နောက်တကြိမ် ရေ ထပ်မံ ဖောက်ချပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ခုလို ဆည်ရေ ဖောက်ချပေးခဲ့ပြီးတဲ့နောက် အခု ထပ်မံ ပေးတာပါ။

ဒီတကြိမ် ဆည်ရေကိုတော့ Jinghong ဆည်ကနေ တနင်္လာနေ့ကစပြီး ဖောက်ချပေးခဲ့ပြီး မြစ်ရေနည်းပါးတဲ့ကာလ ပြီးဆုံးသွားတဲ့အထိ ဆက်ပေးသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က ဒီကနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖောက်ချပေးမယ့် ဆည်ရေပမာဏကိုတော့ မြစ်ကြောင်း အထက်ရင်းကနေ ရေဘယ်လောက် အထိ စီးနိုင်မလဲဆိုတာနဲ့ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ လိုအပ်ချက်တွေနဲ့အညီ ထိန်းညှိ လွှတ်ပေးသွားမယ်လို့ မစ္စတာ လူခန့်က ပြောပါတယ်။

ခုလို လုပ်ဆောင်တာဟာ မြစ်အောက်ဘက်ခြမ်းမှာ နေထိုင်နေကြတဲ့ တိုင်းပြည်တွေရဲ့ အမှန်တကယ် အကျိုးစီးပွားကို တရုတ်အစိုးရ အပြည့်အ၀ ထည့်သွင်းစဉ်းစားပြီး အထူးဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အခု ဆည်ရေ ဖောက်ချတာကနေ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ အတွက် အကျိုးရှိစေမှာဖြစ်တယ်လို့လည်း တရုတ်အစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော အပူချိန်လွန်ကဲတဲ့ အယ်လ်နီညို ရာသီဥတုနဲ့ ကြုံနေရတာကြောင့် နိုင်ငံတဝှမ်း ကျေးရွာပေါင်း ၉၀၀ ကျော်မှာ ရေရှားပါးမှုဒဏ် ဆိုးဆိုးရွားရွား ကြုံနေရသလို၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ခရိုင်ပေါင်း ၇၆ ခုထဲက ၁၄ ခုမှာ ဆယ်စုနှစ် ၂ စုတွင်း အဆိုးရွား ရေရှားပါးမှုပြဿနာကြုံတွေ့နေ ရတာဖြစ်ပါတယ်။

XS
SM
MD
LG