သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဆင်နွှဲ


ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား
ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား

ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန် အောင်မြင်လိုက်တဲ့ နှစ် (၇၀) ပြည့် စစ်ရေးပြအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင် အတော်များများ တက်ရောက်ကြမှာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံမှာ အဲဒီအတွက် နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပါတယ်။

Tiananmen ရင်ပြင်မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကျင်းပမယ့် အဲဒီ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကို နိုင်ငံပေါင်း ၃၀ တိုင်းပြည်ခေါင်းဆောင်တွေအပြင် တခြား အထင်ကရ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အခမ်းအနားကို တက်ကြမယ့် သိသာထင်ရှားတဲ့ ခေါင်းဆောင်တွေထဲမှာ တောင်ကိုရီးယားသမ္မတ Park Geun-hye၊ ရုရှားသမ္မတ Vladimir Putin နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့အပြင် မြန်မာသမ္မတ ဦးသိန်းစိန် လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက စစ်အင်အားကြီးထွားလာမှုနဲ့ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အောင်ပွဲခံတဲ့ အခမ်းအနားအဖြစ် ရှုမြင်ကြတဲ့အတွက် အနောက်နိုင်ငံ အများစုက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ခဲ့ခြင်း မရှိပါဘူး။

အဲဒီစစ်ရေးပြအခမ်းအနား ချောမွေ့စွာ ပြီးဆုံးရေးအတွက် တရုတ်အစိုးရက အထူး အာရုံစိုက် ဆောင်ရွက်နေပါတယ်။ အခမ်းအနား ကျင်းပမယ့် Tiananmen ရင်ပြင်အနီး မော်တော်ယာဉ်တွေ၊ မြေအောက်ရထားတွေနဲ့ လေယာဉ်ပျံသန်းခွင့်တွေ ကန့်သတ်တာ၊ ပိတ်ပင်တာတွေ ပြုလုပ်ထားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံး အောင်ပွဲခံခြင်းနဲ့ ပစိဖိတ်ဒေသမှာ မဟာမိတ်တပ်ဖွဲ့တွေကို ဂျပန်က တရားဝင် လက်နက်ချတဲ့ နှစ် (၇၀) ပြည့် အခမ်းအနားကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားတဲ့ နေရာမှာ ဒုတိယကမ္ဘာစစ် စစ်ပြန်တွေ စုဝေး ကျင်းပခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် (၇၀) တုန်းက ပစိဖိတ်ဒေသမှာ အသက်ပေးလှူသွားကြတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ အောင်ပွဲခံလိုက်ခြင်း အရေးပါမှုတွေကို အထက်လွှတ်တော်အမတ်ဟောင်း Robert Dole က ပြန်ပြောင်း အမှတ်ရဖွယ် ပြောကြားခဲ့ပါတယ်။

စစ်ပွဲအတွင်း နှစ်ဘက်စလုံးက သေဆုံးသွားခဲ့ကြတဲ့ ကြေကွဲဝမ်းနည်းတဲ့ အချိန်မှာပဲ ပစိဖိတ် သမုဒ္ဒယာနဲ့ အာရှတိုက်အတွင်း သတ္တိပြောင်မြောက်စွာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ အမေရိကန် စစ်သား၊ စစ်သမီးတွေအတွက် အမှတ်ရ အောက်မေ့မိပါကြောင်း ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဖော်ပြထားပါတယ်။

XS
SM
MD
LG